Tuesday, January 7, 2014

စစ်ဘေးသင့်ဒေသများအတွက် ဂျပန်အစိုးရ ဒေါ်လာသန်း ၁၀၀ ကူညီမည်

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် စစ်ဘေးဒဏ်ခံစားနေရသော တိုင်းရင်းသားလူ မျိုးစုများ နေထိုင်ရာဒေသများတွင် လူနေမှုဘ၀ မြှင့်တင်နိုင်ရန်အတွက် ဂျပန်အစိုးရက ကန်ဒေါ်လာသန်း ၁၀၀ ခန့်ကူညီသွားမည်ဖြစ်ရာ ကူညီရာတွင် ငြိမ်းချမ်းရေးရသောနေရာများတွင် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. Mikio Numata က ဇန်န၀ါရီ ၆ ရက်တွင် ပြောသည်။

အဆိုပါငွေကြေးပမာဏကို ကူညီပေးရာတွင် ငါးနှစ်အတွင်း ကူညီပေးသွားမည်ဖြစ်ပြီး အစိုးရနှင့် အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်အရ တိုင်းရင်းသားဒေသများတွင် ကူညီပေးမည်ဖြစ်သည်ဟု ဇန်န၀ါ ရီ ၆  ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သွားခြင်းဖြစ်သည်။

ဂျပန်သံအမတ်က “တိုင်းရင်းသားအင်အားစုနဲ့ မြန်မာအစိုးရကြားမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။ လာမည့် ဖေဖော်ဝါရီနဲ့ မတ်လမှာ တစ်ပြည်လုံး အပစ်အခတ်ရပ် စဲရေး သဘောတူဖို့ ရှိပါတယ်။ ဒီအဖြေပေါ်မူတည်ပြီးတော့ ဘယ်နေရာတွေကို ကူညီပေးမယ်ဆိုတဲ့နေ ရာကို  သတ်မှတ်သွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ ဇန်န၀ါရီလကုန်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနောက်မှ ကူညီပေးမည့်နေရာများကို ရွေးချယ်သတ်မှတ်မည့် သဘောဖြစ်သည်။

ယင်းသို့ ကူညီမှုများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ် စားလှယ် Mr. Yohei Sasakawar ကလည်း “အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရသေးတဲ့ ဒေသ ဆိုရင် ကူညီပေးဖို့မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာဆိုရင် မြန်မာအစိုးရနဲ့ တိုင်းရင်းသား အင်အားစုတွေကြား မှာ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက ဖြစ်ထွန်းနေပါတယ်။ ဒါကို ဂျပန်အစိုးရက တစ် ဖက်တစ်လမ်းက ကူညီပေးတဲ့အနေနဲ့ ဒေသအားလုံးကို အမြန်ဆုံး ကူညီပေးဖို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

ယင်းသို့ကူညီရာတွင် မည်သည့်အချိန်တွင် စတင်ကူညီမည်ကို အတိအကျ ပြောကြားထားခြင်းမရှိသေး ဘဲ တတ်နိုင်သ၍ အမြန်ဆုံး ဆောင်ရွက်သွားမည်ဟုသာ ဂျပန်သံအမတ်က ပြောကြားခဲ့သည်။ အဆိုပါ ကူညီသည့် ငွေကြေးမှာ တိုင်းရင်းသားဒေသများအတွက် သီးသန့်ထောက်ပံ့ခြင်းဖြစ်ကာ ဂျပန် NGO မှ တစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်း NGO ကိုမူ ရွေးချယ်ရခြင်းမရှိသေးပေ။

အကူအညီပေးရာတွင် အဓိကလိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာအတွက် ကူညီမည်ဖြစ်ကာ နေစရာ ရရှိရေး၊ အလုပ်အကိုင်ရရှိရေး စသည်တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ပဋိပက္ခဒဏ်ခံစားနေ ရသော ဒေသများတွင် နိုင်ငံတကာအကူအညီများရရှိရန် ခက်ခဲသောကြောင့် ယင်းသို့ ကူညီရန်စီစဉ်ခြင်း ဖြစ်ပြီး အကူအညီပေးရာတွင် မြန်မာအစိုးရ၊ တိုင်းရင်းသား အင်အားစုများအပြင် အခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းကာ ဒေသခံအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ နေရပ်စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည် များအတွက်လည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် အဆိုပါအစီအစဉ်တွင် ပါဝင်သည်။

ယင်းသို့ ကူညီရာတွင် ရခိုင်ဒေသကဲ့သို့ ပဋိပက္ခဖြစ်ပွားရာဒေသများ ပါဝင်မည်မဟုတ်ဟုလည်း မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်က ဆိုသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ချေး ငွေနှင့် တခြား ထောက်ပံ့ငွေအဖြစ် ဂျပန်ယန်းငွေ ၁၅၀ ဘီလီယံကျော် ကူညီရန် ကတိပြုထားသည်။

ယင်းအပြင် ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းကလည်း ပြည်တွင်း တိုင်းရင်းသားလူမျိုးများသို့ ကူညီပေးမှုများ ပြုလုပ်နေပြီး ရခိုင်ပြည်နယ်တွင် ကျောင်းဆောက်လုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment