Wednesday, January 22, 2014

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ မြန်မာသို့ ပထမဆုံး လာရောက်မည်

ကမ္ဘာ့နိုင်ငံ အများအပြားကို ချေးငွေများ ထုတ်ချေးထားသော ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Mr. Jim Yong Kim သည် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် လာရောက်ကာ ဇန်နဝါရီလ ၂၇ ရက်နေ့ တွင် ကျင်းပ မည့် ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း မြန်မာအစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖိုရမ်တွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ အပါအဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အရာရှိများ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အမေရိကန် နိုင်ငံသား ကိုရီးယားလူမျိုး ဖြစ်သည့် Mr. Jim Yong Kim သည် ကမ္ဘာ့ဘဏ်၏ ၁၂ ဦးမြောက် ဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက စတင်ခန့်အပ်ခံရခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်မထမ်းဆောင်မီ အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ် ဆေးပညာ သင်တန်းကျောင်း၏ ကမ္ဘာ့ကျန်းမာရေးနှင့် ဆေးဝါးဌာနဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ ဖူးသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံနှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ ဆက်ဆံရေး အေးခဲနေခဲ့သော်လည်း ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲကို ပြန်လည် ဖွင့်လှစ်၍ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့များ၊ ချေးငွေများ စတင်ပေးအပ်ခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘဏ်သည် မြန်မာ့နိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ ထောက်ပံ့ခဲ့သည်။

လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍတို့ အဆင့်မြှင့်တင်ရန် အတွက်လည်း ကမ္ဘာ့ဘဏ်က အတိုးမဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးခဲ့သည်။

The Voice Weekly

0 comments:

Post a Comment