ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဒီဇင်ဘာ ၈
ရက် ည ၁၀ နာရီ မိနစ် ၄၀ တွင် ပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍
လတ်တလော စစ်ဆေးချက်အရ ငါးမိုင်းခွဲရန် ယမ်းထုပ်ပြုလုပ်စဉ်
ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာလ ၁၀ ရက် နံနက်က ပြောကြားသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေအိမ်မှ အိမ်ရှင်ဖြစ်သူ ဦးမြင့်သိန်းမှာ လျှပ်စစ်မီးဖြင့် လက်ကိုင်ဖုန်း အားသွင်းနေသည့် နေရာအနီးတွင် ငါးမိုင်းခွဲရန် ယမ်းထုပ်ပြုလုပ်နေစဉ် အဆိုပါ ယမ်းထုပ်မှာ ပူလာသဖြင့် လက်ထဲမှ လွှတ်ချခဲ့ရကြောင်း သိရသည်။
ယင်းသို့ လက်ထဲမှ ယမ်းထုပ်လွှတ်ချရာတွင် ယမ်းထုပ်မှာ လှေကားထစ်အောက်သို့ ပြုတ်ကျခါနီး အောက်သို့ပြုတ်ကျမသွားစေရန် ဘယ်ခြေထောက်ဖြင့် နင်းပြီးတားခဲ့ရာမှ ပေါက်ကွဲမှု ဖြစ်ပွား ရခြင်းဖြစ်ကြောင်း အိမ်ရှင်၏ ပြောကြားမှုကို ဒုတိယရဲမှူးကြီး လှိုင်တင့်က ပြန်လည်ပြောကြားခဲ့သည်။
"အခု ကျွန်တော်တို့ လတ်တလော စစ်ဆေးချက်အရ ငါးမိုင်းခွဲဖို့ ယမ်းပြုလုပ်နေတဲ့ အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရတယ်။ ဒါကို အဖြစ်မှန် ထွက်ပေါ်ဖို့ ဆက်လက်စစ်ဆေး သွားမှာပါ" ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဆိုသည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် အိမ်ရှင်ဦးမြင့်သိန်း၏ ၀ဲဘက်ခြေထောက်တွင် ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်းအား စ၀်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်မှာ လတ်တလော စစ်ဆေးချက်တွင် ငါးမိုင်းခွဲရန် ပြုလုပ်နေစဉ် ဖြစ်ပွားခဲ့သည်ဟု ထွက်ဆိုသည့် အိမ်ရှင်ဦးမြင့်သိန်းမှာ အလယ်ဗလီ ဥက္ကဋ္ဌဖြစ်ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၀ ရက်ထုတ် The Voice Daily သတင်းစာတွင် လက်လုပ်ဗုံး ပေါက်ကွဲမှုဟု ဖော်ပြခဲ့ပြီး ဒဏ်ရာရရှိသူမှာ ဆိတ်၊ အမဲသား သတ်လိုင်စင်ဖြင့် သားသတ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ကာ ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသော ဗလီအတွင်း ၀င်ရောက်ရှာဖွေရာ ပေါက်ကွဲမှုနှင့် ဆက်စပ်ပစ္စည်း တစ်စုံတစ်ရာ မတွေ့ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
Eleven Media Group
0 comments:
Post a Comment