Sunday, August 11, 2013

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံအနီး မြေ ၆၁ ဒသမ ၆၆ ဧကအတွက် လိုင်းကျင်းတူးရာမှ တောင်သူ ၁၂ ဦးနှင့် ဒေသအာဏာပိုင်များ ပြဿနာဖြစ်ပွား

U-11-8
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ တည်ဆောက်မည့် နေရာအနီးတစ်ဝိုက်အား သြဂုတ် ၁၀ ရက်က တွေ့ရစဉ်
သြဂုတ် ၁၀ ရက်က မုံရွာမြို့ အိုးဘိုတောင် မြို့သစ်အနီးရှိ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံအနီး မြေ ၆၁ ဒသမ ၆၆ ဧကအတွက် အုတ်တံတိုင်းခတ်ရန် လိုင်းကျင်းတူးရာမှ မြေပိုင်ရှင်တောင်သူ ၁၂ ဦးနှင့် ဒေသအာဏာပိုင်များ ပြဿနာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
"မနက်ပိုင်း ၈ နာရီလောက်မှာ လွှတ်တော်ရုံးအတွက် မြေယာပြဿနာ ဖြစ်နေတဲ့ဘက်မှာ သွပ်ဆူး ကြိုးတွေ ကာပြီး မြောင်းတူးနေတယ်ကြားလို့ သွားခဲ့ကြတယ်။ မနက် ၇ နာရီလောက် ကတည်းက မိုးရွာနေတဲ့ ကြားက သွားကြည့်လိုက်တော့ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ မြို့နယ်မြေစာရင်းမှူး ဦးချစ်ထွန်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကြူအင်းတို့ ပါဝင်တဲ့အဖွဲ့က ရဲအင်အား ၁၀၀ လောက်နဲ့ အလုပ် သမား၂၀ လောက်တော့ ရှိမယ်။ ဘတ်ဟိုးနှစ်စီးနဲ့ လိုင်းကျင်းလာတူးနေတာကို တွေ့ရတယ်။ မနက်ကတည်းက သွပ်ဆူးကြိုးကာပြီး လိုင်းကျင်းတူးနေတယ်။ လယ်စောင့်တဲတွေလည်း ဖျက်ပြီးပြီ။ တောင်သူ ၁၇ ဦးပိုင်တဲ့မြေမှာ မြေ ၁၆၇ ဧကထဲက အခုလွှတ်တော်ဆောက်မယ့် နေရာက ၆၁ ဒသမ ၆၆ ဧကပါတယ်လို့ ပြောတယ်။ ဒီနေ့မနက် တောင်သူ ၁၂ ဦးရဲ့ မိသားစုဝင် ၃၀ လောက် ၀ိုင်းတားရာကနေ ရဲမေတွေကပါ ၀ိုင်းဆွဲပြီး ဦးဆောင်တဲ့သူလို့ သူတို့ထင်တဲ့သူတွေကို ဖမ်းဖို့ကြိုးစားတယ်။ နောက်တော့ ၀ိုင်းတားတဲ့ သူတွေကြားက အသက် ၆၅ နှစ်လောက် ရှိတဲ့ ဒေါ်တင်ရီကို အမှတ် ၁ ရဲစခန်းကို ခေါ်သွားတယ်။ မွန်းလွဲ ၂ နာရီခွဲလောက်မှာ အမှတ် ၁ ရဲစခန်းကို ခေါ်သွားတဲ့ ဒေါ်တင်ရီကို ဦးဆောင်ပြီး ကန့်ကွက်နေတယ်လို့ သူတို့ယူဆနေတဲ့ မခိုင်၊ မလှိုင်၊ မဥမ္မာကြည်တို့ကို ဖမ်းဖို့လုပ်တာကို ၀င်ပြီးမနှောင့်ယှက်တော့ ပါဘူးလို့ ၀န်ခံကတိ ထိုးပေးမှ ပြန်လွှတ်တယ်လို့ သိရတယ်" ဟု ဒေသအာဏာပိုင်များ ၀ိုင်းဝန်းဖမ်းဆီးရန် ကြိုးစားခံရသူ မဥမ္မာကြည်က ဆိုသည်။
"ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်က ဦးပိုင်ပေါက်ပြီး တောင်သူပိုင် မြေတွေပေါ်မှာ လိုင်းကျင်းတူး တာကို တောင်သူတွေက၀င်ပြီး မြေဖို့တာကို အမှုဖွင့်ထားပြီး ရဲစခန်းမှာ လာရှင်းဖို့ပြောတယ်။ ကျွန်မက ဖမ်းဝရမ်းပါရင် လိုက်မယ်လို့ ပြောတယ်။ ကျွန်မတို့ကလည်း အခမဲ့ အသိမ်းမခံနိုင်လို့ နစ်နာကြေး မရသေးလို့ မြေဖို့တာလို့ ပြန်ပြောခဲ့တယ်။ နောက်တော့ဝင်ဖမ်းဖို့ ကြိုးစားတာပဲ။ မိုးတွေကြား ထဲမှာ ဖြစ်တာပါ" ဟု မဥမ္မာကြည်က ဆက်လက်ပြောကြားသည်။
၂၀၁၂ အောက်တိုဘာလက မြေပိုင်ရှင်များကို လက်ရှိအသုံးပြုနေဆဲ သင်္ချိုင်းကုန်း မြေကွက်များတွင် အစားထိုးမြေနေရာပေးရန် တစ်ဧကလျှင် ပေရှစ်ဆယ်ပတ်လည် တစ်ဝင်းနှုန်းပေးမည်ဟုဆိုကာ မဲနှိုက် ခိုင်းသော်လည်း အများစုမှာ မဲမနှိုက်ခဲ့ဘဲ ထိုစဉ်မှစ၍ ပြဿနာများ ဖြစ်ပွားခဲ့ကာ ၁၀ ကြိမ်ခန့် မြေကိစ္စ အတွက် တောင်သူနှင့် ဒေသအာဏာပိုင်များ တွေ့ဆုံပြီးဖြစ်ကြောင်း သိရသည်။
ဒေသအာဏာပိုင်များက တစ်ဧကအတွက် ပေရှစ်ဆယ်ပတ်လည် တစ်ဝင်းသာပေးပြီး မြေ ပိုင်ရှင် တောင် သူများက တစ်ဧကအတွက် ပေရှစ်ဆယ်ပတ်လည် သုံးဝင်းတောင်းဆိုထားကြောင်း သိရသည်။ သြဂုတ် ၁၀ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ရုံးတွင် ပြဿနာ ဖြစ်ပွား ခဲ့သော တောင်သူများနှင့် ဒေသအာဏာပိုင်များ ညှိုနှိုင်းရာတွင် ပြေလည်မှု မရသေးကြောင်း သိရသည်။

EMG

 

0 comments:

Post a Comment