Sunday, August 11, 2013

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် သြဂုတ်လဆန်းအတွင်း မိုးရွာသွန်းမှု ရှိလာပြီး မိုးရေချိန်လက်မများ ပိုလာနိုင်

D-11-8
မန္တလေးမြို့တွင် သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မိုးရွာသွန်းမှုကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် မိုးရာသီ ကာလအတွင်း၌ မိုးရွာသွန်းမှု နည်းပါးခဲ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ အချို့တွင် ယခုသြဂုတ် လဆန်းပိုင်းအတွင်း မိုးရွာသွန်းမှုများ ရှိလာနေပြီး မိုးရေချိန်လက်မ ပိုမိုရရှိ လာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ယခုနှစ် မိုးရာသီကာလတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ မိုးရွာသွန်းမှု များကြောင့် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အလယ်ပိုင်းဒေသ အချို့တွင် မိုးရွာသွန်းမှု မရှိခဲ့သောကြောင့် ဒေသ တွင်း တောင်သူများ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲမှုများ ရှိနေခဲ့ကြသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အချို့တွင် မိုးရွာသွန်းမှု မရှိခဲ့ရာမှ ယခုသြဂုတ် လဆန်းပိုင်းအတွင်း၌ မိုးရေချိန် လက်မများမှာ ၂ လက်မ ၀န်းကျင်ခန့်အထိ ရွာသွန်းခဲ့မှုများ ရှိခဲ့သည်။
"အခု ရွာနေတဲ့မိုးက မုန်တိုင်းလက်ကျန် အရှိန်ကြောင့် တိမ်တိုက်တွေက မြန်မာနိုင်ငံဘက် ဆီကို ရွေ့ လျားလာ ခဲ့တာကြောင့် အခုလို မိုးရွာသွန်းတာ ဖြစ်တယ်။ နောက်ထပ် ဒီမုန်တိုင်း အရှိန်ကြောင့် ဆက်လက်ရွာသွန်းနိုင်ခြေ ရှိတာက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေနဲ့ အခြားပြည်နယ်နဲ့ တိုင်းဒေလသကြီး အချို့တွေမှာ မိုးပိုလာနိုင်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်အိအိဇင်မှ ပြောကြားခဲ့သည်။
မန္တလေးမြို့တွင်လည်း ယခုနှစ် မိုးရာသီ ကာလအတွင်း မိုးရွာသွန်းမှု နည်းပါးခဲ့ကာ ယခုသြဂုတ် ၉ ရက်နှင့် ၁၀ များမှသာ မိုးရေချိန်လက်မ ၂ လက်မခန့်အထိ ရွာသွန်းခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက် များအရ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သည့် မိုးရေချိန် လက်မများမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ် ၉ ရက်အထိ မိုးရေ ချိန်လက်မမှာ ၁၆ ဒသမ ၉၇ လက်မရှိခဲ့ပြီး အမြင့်ဆုံး အပူချိန်မှာ ၂၆ ဒသမ ၅ စင်တီဂရိတ်၊ အနိမ့်ဆုံး အပူချိန်မှာ ၂၄ ဒသမ ၈ အထိရှိခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment