Friday, June 7, 2013

UNFC အနေဖြင့် အစိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံရာတွင် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားများ ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်တစ်ရပ် ချမှတ်နိုင်ရန် ဆောင်ရွက်နေ

Friday, June 7, 2013


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် စိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံရာတွင် အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သဘောထားများ ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်တစ်ရပ် ချမှတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

''မြစ်ကြီးနားမှာ ကေအိုင်အိုနဲ့ ဆွေးနွေးတုန်းက UNFC နဲ့မကြာမီ တွေ့ဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောခဲ့တာ ရှိပါတယ်။ ဒီလအတွင်း တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်နေပါတယ်'' ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
UNFC အဖွဲ့ဝင်များသည် ယခုလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန် ၁ ရက်မှ ၃ ရက်အထိ အရေးပေါ် ဆွေးနွေးခဲ့ ကြကြောင်း တိုင်းရင်းသား သတင်းဌာနဖြစ်သော ရွှေဟင်္သာသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် UNFC နှင့် အစိုးရတို့၏ ယခုလအတွင်း ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် အကြိုဆွေးနွေးပွဲတွင် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ချမှတ်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အစိုးရနှင့် UNFC တို့၏ ဆွေးနွေးပွဲများတွင် UNFC အဖွဲ့ဝင်များ မဟုတ်သည့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အမြင်သဘောထားများ ပါဝင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇွန် ၅ ရက်က တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WGEC) သည် တိုင်းရင်းသားများ၏ သဘောထားများ ပါဝင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သည်လည်း လာမည့် ဇူလိုင်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်ရန် စီစဉ်နေသည်ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ပြောကြားထားသည်။

အစိုးရနှင့် UNFC တို့သည် ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် ပထမဆုံးအကြိမ် အကြိုဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ထို့နောက် ဧပြီလအတွင်း ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲများ ရွှေ့ဆိုင်းခဲ့သောကြောင့် UNFC သည်လည်း အစိုးရနှင့် ဆွေးနွေးရန် ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မေ ၂၂ ရက်၊ ၂၃ ရက်တို့တွင် တွေ့ဆုံရန် ထပ်မံစီစဉ်ခဲ့သော်လည်း UNFC အဖွဲ့ဝင်များသည် ပြည်ပနိုင်ငံများသို့ ငြိမ်းချမ်းရေး လေ့လာရေးခရီး သွားရောက်နေသောကြောင့် ဆွေးနွေးပွဲရက်အား ဇွန်လအတွင်း ထပ်မံရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNNP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်လပ်ရေးတပ်ဦး (PSLF)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ''၀''အမျိုးသားအဖွဲ့ချုပ် (WNO)တို့ ပါဝင်သည်။

EMG

0 comments:

Post a Comment