Friday, June 7, 2013

ဘင်္ဂါလီများအနေဖြင့် ကလေးနှစ်ယောက်သာ ယူရမည်ဆိုသည့် ဒေသန္တရ အမိန့်ကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြောကြား

Friday, 07 June 2013)


ရခိုင်ပြည်နယ် အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း ဘင်္ဂါလီများ၏ လူဦးရေတိုးပွားနှုန်း လျော့ကျရေးအတွက် တစ်လင်၊ တစ်မယားစနစ်နှင့် ကလေးနှစ်ယောက်သာ မွေးဖွားရမည်ဆိုသည့် ဒေသန္တရ အမိန့်ကို ထုတ်ပြန်ထားခြင်း မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရက ဇွန် ၆ ရက်တွင် ငြင်းဆိုခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဦးလှသိန်းက ''လက်ရှိအစိုးရ လက်ထက်မှာ ဒေသန္တရ အမိန့်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ နောက်တစ်ခုက ကလေးနှစ်ယောက်ယူလို့ တရားစွဲဆိုထားတာလည်း မရှိဘူး။ ဒါကြောင့် ဒီဥပဒေဟာ အခုထိ မရှိသေးဘူး။ ဘယ်တုန်းက ထုတ်ပြန်ခဲ့သလဲ ဆိုတာကိုလည်း မသိဘူး။ ထုတ်ပြန်ခဲ့တယ်ဆိုရင် အရေးယူမှု ရှိခဲ့ရမယ်'' ဟု ဇွန် ၆ ရက်က သတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် ပြောကြားသည်။

ရခိုင်ပြည်နယ် အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အတွင်း ဘင်္ဂါလီများ၏ လူဦးရေတိုးပွားနှုန်း လျော့ကျရေး အတွက် တစ်လင်၊ တစ်မယားစနစ်နှင့် ကလေးနှစ်ယောက်သာ မွေးဖွားရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ဒေသခံ ရခိုင်တိုင်းရင်းသားများက မကြာသေးမီ ရက်များက ဆန္ဒဖော်ထုတ် ထောက်ခံမှုများ ရှိခဲ့သည်။

လက်ရှိရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်နှင့် မောင်တောသည် ဘင်္ဂါလီလူဦးရေ ထူထပ်များပြားလှသဖြင့် ထိုအမိန့်ကို မထုတ်ပြန်ပါက ရခိုင်တိုင်းရင်းသားများအတွက် လွန်စွာအန္တရာယ် ရှိကြောင်းလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အတွင်း ဘင်္ဂါလီများ၏ လူဦးရေ တိုးပွားနှုန်း လျော့ကျရေးအတွက် တစ်လင်၊ တစ်မယားစနစ်နှင့် ကလေးနှစ်ယောက်သာ မွေးဖွားရမည်ဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားသည် ဆိုသည့် သတင်းများအပေါ် ရခိုင်ပြည်နယ် မြို့နယ်နှစ်မြို့နယ်ရှိဘင်္ဂါလီများအနေဖြင့် သားသမီးနှစ်ဦး သာ ရယူရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသန္တရ အမိန့်သည် ခွဲခြားဆက်ဆံမှုဖြစ်ပြီး လူ့အခွင့်အရေးနှင့် ကိုက်ညီမှုမရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေ ၂၇ ရက်တွင်
ပြောကြားခဲ့သလို အနောက်နိုင်ငံ အချို့ကလည်း အဆိုပါ အမိန့်နှင့် ပတ်သက်၍ ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဒေသန္တရအမိန့်နှင့် စပ်လျဉ်း၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ''ကျွန်တော်တို့ကတော့ လက်ခံတယ်။ ကျွန်တော်တို့ ဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ် ဆိုတာကို သဘောပေါက်မယ်။ ရန်ကုန်မှာနေလို့၊ ရှမ်းပြည်နယ်မှာနေလို့ ဒါကို သဘောပေါက်မှာ မဟုတ်ဘူး။ လွတ်လပ်ရေး ရခါစနဲ့ အခု လူဦးရေနှုန်းကို ယှဉ်ကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ဒါကို လူဦးရေ ထိန်းချုပ်ရေးနဲ့ မထိန်းရင် ဘယ်လိုထိန်းမလဲ။ စီးပွားရေး၊ လူမှုရေးတွေနဲ့ မထိန်းနိုင်ရင် နိုင်ငံရေး ပြဿနာ ဖြစ်လာမယ်။ ပြီးရင် ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာမှာပဲ။ ဒါကြောင့် အချုပ်အခြာအာဏာ တည်မြဲဖို့အတွက် ဒီအမိန့်ကို လက်ခံတယ်'' ဟု The Daily Eleven သတင်းစာသို့ ပြောကြား
ထားသည်။

eleven media group

0 comments:

Post a Comment