Monday, June 24, 2013

"အပျော့စားသတ္တု (၀တ္ထုတို)"


တနေ့ ကျွန်တော့်ကလေးများကို စာသင်ပေးနေသော ဆရာမလေးယူလီယာ ဗာဆီယက်ဗနာ့ကို ကျွန်တော့် စာကြည့်ခန်းအတွင်း ခေါ်ခိုင်းလိုက်သည်။ ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းပေးရန်ဖြစ်သည်။

“ထိုင်ပါဆရာမ” ဟုပြောရင်း .......
“ပေးစရာရှိတာလေးတွေ ပေးမလို့ အခေါ် ခိုင်းလိုက်တာပါ၊ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး ကောင်းပြီလေ အခုပေးတာပေါ့။ ကလေးတွေကို စာသင်ပေးဖို့ ဆရာမ တစ်လ ရူဘယ် ၃၀ နဲ့ သဘောတူ ခဲ့တယ်နော်”

“တစ်လ ၄၀ ပါ”
“မဟုတ်ဘူး ၃၀၊ ဒီမှာ စာနဲ့ သေသေချာချာ ရေးထားတယ်။ အိမ်မှာ ကလေးတွေကို စာလာပြပေးတဲ့ ဆရာမမှန်သမျှ တစ်လ ရူဘယ် သုံးဆယ်ပဲ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ စာသင်ပေးနေတာ အခုဆိုရင် နှစ်လ ရှိသွားပြီနော်”

“နှစ်လနဲ့ ငါးရက်ပါ”

“မဟုတ်ဘူး၊ ဒီနေ့ပါ ပေါင်းမှ နှစ်လတိတိ၊ ဒီမှာအားလုံး စာနဲ့ ရေးမှတ်ထားတယ်၊ အခု ဆရာမကို ပေးရမှာက
နှစ်လစာဆိုတော့ ရူဘယ် ခြောက်ဆယ်။ အဲဒီထဲက တနင်္ဂနွေ ကိုးရက်ကို နှုတ်ရဦးမယ်။ တနင်္ဂနွေနေ့တွေမှာဆရာမဟာ သားလေး ကိုလျာကို စာသင်မပေးခဲ့ဘူး။ ပြီးတော့ အားလပ်ရက်နဲ့ ပိတ်ရက်က သုံးရက်ပါသေးတယ်”

ဆရာမလေး ယူလီယာဗာ့ဆီလီယက်ဗနာသည် မျက်နှာကြီး နီရဲကာ စကတ်အနားစွန်းလေးကို လက်ဖျားနဲ့ စိတ်လှုပ်ရှားစွာ ကိုင်နေသည်။ စကားတစ်ခွန်းမှ မပြော။

“အားလပ်ရက်က သုံးရက်၊ သုံးရက်အတွက် တစ်ဆယ့်နှစ်ရူဘယ်ဖြတ်ရမယ်၊ သားလေး လေးရက် နေမကောင်း ဖြစ်တာနဲ့ စာမသင်ခဲ့ရဘူး။ ဆရာမဟာ ဗာယာနဲ့ပဲ နေခဲ့ရတယ်။ ဆရာမ သွားလိုက်တာ သုံးရက်၊ အိမ်ရှင်မက ဆရာမကို ညစာ စားပြီးချိန်ဆို အနားပေးထားတယ်။ တစ်ဆယ့်နှစ် ရူဘယ်နဲ့ ခုနှစ်ရူဘယ် ပေါင်းတော့ တစ်ဆယ့်ကိုးရူဘယ်။ လစာထဲက တစ်ဆယ့်ကိုးရူဘယ်ကို နှုတ်တော့ လေးဆယ့် တစ်ရူဘယ်ပဲ ကျန်တော့တယ်။ မှန်တယ်နော်။”

ဆရာမလေး ယူလီယာဗာဆီလီယက်ဗနာ၏ ဘယ်ဘက် မျက်လုံးများသည် နီရဲသွားကာ မျက်ရည်များ ၀ိုင်းစို့လာသည်။ မေးလည်း တဆတ်ဆတ် တုန်လာသည်။ ဆရာမလေးသည် ချောင်းတစ်ချက် ဆိုးလိုက်ကာ နှာခေါင်းကို ပွတ်သည်။ သို့သော် စကား တစ်ခွန်းမှ မပြော။

“နှစ်သစ်ကူးပွဲ မတိုင်မီက လက်ဖက်ရည်အချိုခွက်နဲ့ ပန်းကန်ပြား ဆရာမကြောင့် ကွဲသွားခဲ့တယ်။ အဲဒါအတွက် နှစ်ရူဘယ်၊ လက်ဖက်ရည်ခွက်က အတော် တန်ဖိုးကြီး ပါတယ်။ မိသားစု အစဉ်အဆက် ထိန်းသိမ်း ဆက်ခံလာတဲ့ ပစ္စည်းမို့ အတော်ကလေး စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ ထားပါတော့လေ၊ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာ ရှိသေးတယ်။ ဆရာမရဲ့ ပေါ့ဆမှုကြောင့် သားလေးဟာ သစ်ပင်ပေါ် တက်လို့ အင်္ကျီတွေ စုတ်ပြဲသွားခဲ့တယ်။ အဲဒါအတွက် တစ်ဆယ်ရူဘယ်။ ဆရာမရဲ့ ပေါ့ဆ မှုကြောင့် အိမ်ဖော်မလေးက ဗာယာရဲ့ ဘွတ်ဖိနပ်ကို ခိုးယူသွားခဲ့တယ်၊ ဒါတွေ အားလုံးကို မျက်လုံး ဒေါက်ထောက် ကြည့်ရမှာက ဆရာမအလုပ်။ ဒါ့အတွက် ဆရာမကို ပိုက်ဆံပေးပြီး ငှားထားတာကိုး။ အဲဒီအတွက် ငါးရူဘယ် ဖြတ်မယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့က ဆရာမ ကျုပ်ဆီက ငွေ ချေးတာ ဆယ်ရူဘယ်”

“ဟင်အင်း ကျွန်မ ရှင့်ဆီက မချေးခဲ့ပါဘူး” ဟု ဆရာမလေးက လေသံသဲ့သဲ့ဖြင့် ပြောသည်။
“ဒီမှာ ဆရာမ အားလုံးကို စာနဲ့ရေးမှတ်ထားတယ်”
“ဒါဆိုလည်း ကောင်းပါပြီ၊ နောက်တော့ကော”
“လေးဆယ့်တစ် ရူဘယ်ထဲကနေ နှစ်ဆယ့်ခုနှစ် ရူဘယ်နှုတ်တော့ တစ်ဆယ့်လေး ရူဘယ် ကျန်တယ်”
ဆရာမလေး၏ မျက်လုံးအစုံသည် မျက်ရည်များဖြင့် ပြည့်သိပ်နေကာ သွယ်တန်း လှပသော နှာတံ စင်းစင်းပေါ်တွင် ချွေးသီးချွေးပေါက်များ ၀ိုင်းစို့လာသည်။ သနားစရာ အတော်ကောင်းသော မိန်းကလေး……။

“ကျွန်မ တစ်ခါပဲ ပိုက်ဆံ ချေးခဲ့ဘူးပါတယ်၊ ရှင့်ဇနီးဆီက သုံးရူဘယ်တည်းရယ်ပါ၊ ဒါထက် တစ်ပြားမှ မပိုခဲ့ပါဘူး။” ဟု အသံ တုန်တုန်ဖြင့် ပြောလာပါသည်။
“အဲဒါကို ထည့်မပြော ရသေးဘူးကိုး၊ ဒီတော့ တစ်ဆယ့်လေးရူဘယ်ထဲက သုံးရူဘယ် ထပ်နှုတ်တော့ တစ်ဆယ့်တစ် ရူဘယ်ပဲ ကျန်တော့တယ်။ ဒီမှာ သုံးရူဘယ်၊ နောက် သုံးရူဘယ်၊ နောက် သုံးရူဘယ်၊ တစ်ရူဘယ်၊ ဒီတော့ ရော့ဒီမှာ အားလုံး တစ်ဆယ့်တစ်ရူဘယ်။ အဲဒါ ဆရာမ ပိုက်ဆံ။”
ကျွန်တော်သည် ဆရာမလေးကို ငွေ လှမ်းပေးလိုက်သည်။ ဆရာမလေးသည် ငွေကို တုန်တုန်ရီရီနှင့် လှမ်းယူရင်း အင်္ကျီအိပ်ကပ်ထဲ ထည့်လိုက်သည်။

“ကျေးဇူးပါပဲ”
ဟု ခပ်တိုးတိုး ပြောသည်။

ကျွန်တော်သည် ၀ုန်းကနဲ ထရပ်လိုက်ကာ အခန်းထဲတွင် လျှောက်နေမိတော့သည်။
စိတ်လည်းအတော် ဆိုးသွားသည်။
“နေပါဦး၊ ဆရာမက ကျုပ်ကို ဘာ့အတွက် ကျေးဇူးတင်ရတာလဲ” ဟု ခပ်ဆတ်ဆတ် မေးလိုက်သည်။
“ပိုက်ဆံပေးတဲ့ အတွက်ပါ”
“ကျုပ် ခင်ဗျားကို ငွေ လိမ်ပေးနေတာ၊ နေ့ခင်းကြောင်တောင်ကြီး၊ အေးဓါးပြ တိုက်နေတာ၊ ဘာပြုလို့ ခင်ဗျားက ကျုပ်ကို ကျေးဇူးတင်တာလဲ”
“တစ်ခြားမှာဆို တစ်ပြားမှ မရလို့ပါ”
“တစ်ပြားမှမရဘူး၊ ဟုတ်လား။ ဖြစ်မှ ဖြစ်ရလေ၊ အေးလေ…….။ အံ့သြစရာတော့ မရှိပါဘူး။ ကျုပ် ခင်ဗျားကို ရက်စက်တဲ့ သင်ခန်းစာ တစ်ခုကို ပေးချင်လို့ပါ။ ခင်ဗျား လစာ နှစ်လအတွက် ရူဘယ် ရှစ်ဆယ်လုံးလုံး အပြည့်ပေးမှာပါ။ ဟောဟိုက စာအိပ်လေးထဲမှာ အပြည့် ထည့်ထားပါတယ်။ ဆရာမ… ခင်ဗျား ဘာပြုလို့ ဒီလောက် ပျော့ညံ့ရတာလဲ။ မဟုတ်တာကို ဘာဖြစ်လို့ ပြန်မပြောရဲ ရတာလဲ။ မဟုတ်တာကို ပြန်ပြောရဲရမယ်။ ဒီလိုမှ မဟုတ်ဘူဆိုရင်တော့ ဘ၀မှာ ဘယ်လိုလုပ်ပြီး နေလို့ ရတော့မှာလဲ။ ဒီလို ပျော့ညံ့လို့ ဘယ်ဖြစ်မလဲ”

ဆရာမလေးမျက်နှာ ပြုံးယောင်သန်းလာသည် ။

ကျွန်တော်သည် ဆရာမလေးအား ဘ၀နေနည်း သင်ခန်းစာ တစ်ရပ်ကို ရက်ရက် စက်စက်
ပေးမိလိုက်သည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း ဆရာမဧ။် လစာ ရူဘယ် ရှစ်ဆယ်ကို ပေးလိုက်
ပါသည်။ ဆရာမလေးသည် အံ့အားသင့်၍ နေသည်။

“ကျေးဇူးတင်ပါတယ်”
ဟု ကြောက်ကြောက်ရွံ့ရွံ့နှင့် ပြောရင်း အခန်းထဲမှ ထွက်သွားသည်။ သူ ထွက်သွားလေမှပင် သူ၏
ကျောပြင်ကို ငေးကြည့်ရင်း လောကကြီးမှာ ရက်စက်တယ်ဆိုတာ အလွန် လွယ်ကူတဲ့ အလုပ်ပါလား
ဟု တွေးနေ လိုက်မိတော့၏။ ။

လင်းဝေမြိုင်

ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် (၉)၊ အောက်တိုဘာလ ၁၉၉၅။
(ကမ္ဘာကျော် ရုရှား စာရေးဆရာကြီး Anton Chekhov ၏ ၀တ္ထုတို Softy ကို ပြန်ဆိုခြင်းဖြစ်ပါသည်။)

0 comments:

Post a Comment