Friday, June 7, 2013

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာ ၉၀၀ ကို အင်ဂျီအိုအဖွဲ့ကတွေ့နိုင်ဖို့ ကြိုးစား

မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အယောက် ၉၀၀ ကျော် မလေးရှားနိုင်ငံမှာ အဖမ်းဆီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက အစိုးရမဟုတ်တဲ့ အင်ဂျီအိုအဖွဲ့တွေက အဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။


မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာ မြန်မာတွေနဲ့ အစ္စလာမ်ဘာသာဝင် မြန်မာတွေအကြားတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အခုလိုတိုက်ခိုက် အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ အကြားမှာ ဖြစ်တယ်ဆိုပေမယ့်လည်း မလေးရှားနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက စွပ်စွဲထားကြပါတယ်။

မလေးရှားနိုင်ငံမှာ နိုင်ငံခြားသား လုပ်သားတွေ အထူးသဖြင့် တရားဝင် စာရွက်စာတမ်းမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မလေးရှားက လူမှုအသိုင်းအဝိုင်းတချို့က အဆက်အဆံမပြု ရှောင်ရှားကြသလို တချို့ကလည်း နှိမ့်ချဆက်ဆံကြတယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး အသွင်ဆန်ဆန် ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက်မှာ အစ္စလာမ် ဘာသာဝင် အများအပြားရှိတဲ့ နိုင်ငံတွေမှာ မြန်မာ အလုပ်သမားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာတယ်လို့ မြန်မာနိုင်ငံက နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာဖြစ်တဲ့ Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်က မနေ့က ဖေါ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ကာကွယ်ပေးဖို့ မြန်မာအစိုးရက မလေးရှားအစိုးရကို သံတမန်ရေးအရ တောင်းဆိုခဲ့ပေမယ့် မလေးရှားအစိုးရကတော့ လူသတ်တရားခံတွေကို ရှာဖွေရမယ့်အစား မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ကြားသိနေရတဲ့အကြောင်း Daily Eleven သတင်းစာက စွပ်စွဲထားပါတယ်။

မလေးရှားနိုင်ငံက အခုလိုလုပ်ရပ်တွေဟာ အာဆီယံနိုင်ငံ ၂ နိုင်ငံအကြား ဆက်ဆံရေးကို ပျက်ပြားစေနိုင်တယ်လို့လည်း ရေးထားပါတယ်။ အခွန်ပြဿနာတွေ ဒါမှမဟုတ် တခြားပြဿနာတွေကြောင့် ပြည်ဝင်ခွင့်ဗီဇာပယ်ဖျက်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်လာခွင့်ပြုဖို့ Daily Eleven သတင်းစာအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းလိုက်တယ်လို့လည်း ရေးသားထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း လုပ်သားတွေ နေရပ်ပြန်လာနိုင်ဖို့ စရိတ်သက်သာတဲ့ လေကြောင်းလိုင်းတွေ ဖွင့်လစ်ပေးဖို့လည်းတိုက်တွန်းကြောင်း ဖေါ်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်တိုက်ခိုက်မှုတွေ မလေးရှားနိုင်ငံကိုပါ ကူးစက်လာတာကို မလေးရှားအာဏာပိုင်တွေက စိုးရိမ်နေကြတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ မလေးရှားရဲတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေက မြန်မာနိုင်ငံသား ၁ ထောင်လောက်ကို စီစစ်ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် မလေးရှားနိုင်ငံထဲကို ပြဿနာတွေ သယ်မလာကြဖို့ မြန်မာနိုင်ငံသားတွေကို ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာပဲဖြစ်တယ်လို့ ကွာလာလမ်ပူမြို့တော်ရဲ့ လက်ထောက်ရဲချုပ် ကပြောတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအလုပ်လုပ်နေတဲ့ အလုပ်သမားများကိုတွေ့ရစဉ် (Credit: AFP)

Radio Australia

0 comments:

Post a Comment