Saturday, May 11, 2013

ဘဏ်များ၌ FEC လဲနှုန်း သိသိသာသာ ကျဆင်းလာ

11 May, 2013

ပြည်တွင်း၌ FEC သုံးစွဲခြင်းမှုအား တရားဝင်ရုပ်သိမ်းသွားမည်ဟု ဧပြီကြေညာချက်ကြောင့် ယခုအခါ ဘဏ်များ၌ FEC လာရောက် လဲလှယ်မှုနှုန်း နည်းပါးသွားပြီဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ FEC အသစ်ရော အဟောင်းရော သတ်မှတ်ချက် မရှိပါဘူး အကုန်လဲလှယ်ပေးပါတယ်။ ဒါပေမယ့် FEC စစ် ၊ မစစ်တော့ ကြည့်တာပေါ့နော် ၊ ဒါပေမယ့် လာပြီး လဲလှယ်တဲ့လူကတော့ တော်တော်နည်း သွားပါပြီ” ဟု ဧရာဝတီဘဏ်ခွဲ ဥက္ကဌ ဦးသန်းဇော်က ပြောသည်။

FEC ပိုက်ဆံတွင် အရစ်ပါ၊ မပါကို မီးဖြင့် ထိုးကြည့်ကာ FEC စစ်/မစစ်ကို ကြည့်၍ လဲလှယ်ပေးခြင်း ၊ အစွန်း၊အထင်းများနှင့် ဟောင်းနွမ်းပါက ဧရာဝတီဘဏ်မှ လဲလှယ်ပေးလျက်ရှိသည်ဟု ၄င်းက ဆက်ပြော သည်။

မြန်မာနိုင်ငံတွင် FEC သုံးစွဲခြင်းကို ရုပ်သိမ်းသည့်အနေဖြင့် ငွေပြန်လဲလှယ်ပေးခြင်းကို ဧပြီလမှစတင်၍ ဇွန်လကုန်အထိ သတ်မှတ်ထားပြီး လက်ရှိ FEC ပေါက်ဈေးအတိုင်း လဲလှယ်ပေးလျက်ရှိသည်ဟု နိုင်ငံခြား ဘဏ် အထွေထွေမန်နေဂျာ ဒေါ်သိဂီနွယ်က ဆိုသည်။

“FEC ရောင်းတာတော့ မရှိတော့ပါဘူး ၊ အ၀ယ်ချည်းပဲ ရှိတော့တယ် ၊ လက်ရှိပေါက်ဈေးအတိုင်းပေါ့။ ဗဟိုဘဏ်တို့ အစိုးရဘဏ်တို့က သတ်မှတ်ထားတာက (၃)လအတွင်းပေါ့ အဲ့ဒီအတွင်းမှာ အကုန်အပြီး လဲလှယ်ရမယ်ဆိုထားတော့ အကုန်လက်ခံပြီး လဲပေးနေပါတယ်။ CB ဘဏ်ရဲ့ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း ကြည့်ပြီးတော့ လဲပေးနေပါတယ်” ဟု နိုင်ငံခြားဘဏ် အထွေထွေမန်နေဂျာ ဒေါ်သိဂီနွယ်က ပြောသည်။

ခရီးလွန်နေသူများအတွက် မြန်မာနိုင်ငံဗဟိုဘဏ်မှ FEC အပြီးသတ်ရုပ်သိမ်းရမည့် ကာလကျော်လွန်သွားပါက ချွင်းချက်အနေဖြင့် သက်ဆိုင်ရာ ဘဏ်ဌာနတွင် လျှောက်လွှာတင်၍ လဲလှယ်နိုင်ကြောင်းကိုလည်း ၄င်းက ဆက် ပြောသည်။

ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များအနေဖြင့် လစာပေးရာတွင် ယခင် FEC ဖြင့်ပေးရာမှ ယခုအချိန်တွင် အမေရိကန်ဒေါ်လာဖြင့်သာ ပြောင်းလဲပေးချေလာကြောင်း ၀န်ထမ်းများထံက သိရှိရသည်။

“FEC မရုပ်သိမ်းခင်ကတော့ ကျွန်တော်တို့ ငွေကိုင်ဆီကို FECနဲ့ပေးတယ် သူတို့ကနေမှ ကျွန်တော်တို့ဆီကို ငွေကျပ်နဲ့ပေးတာပေါ့။ ဒါပေမယ့် အခုတော့ ဒေါ်လာနဲ့ပဲ အထပ်က ချပေးတော့တယ်” ဟု NGO တစ်ခုမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုကျော်ဇောထွန်းက ပြောသည်။

မေလ (၁၁)ရက်နေ့ အက်ဖ်အီးစီပေါက်ဈေးမှာ 1-FEC လျှင် ၀ယ်ဈေး ၈၉၈ ကျပ်ရှိသည်ဟု ငွေလဲစင်တာ များက သိရှိရသည်။
ပြည်တွင်းငွေကြေးဈေးကွက်အတွင်း လှည့်လှယ်သုံးစွဲနေသည့် FEC ငွေကြေးပမာဏမှာ ယူအက်စ်ဒေါ်လာ သန်း(၃၀)ဝန်းကျင်ရှိပြီး ၎င်းကို (၃)လအတွင်းတွင် ဗဟိုဘဏ် ၊ ပုဂ္ဂလိကဘဏ် ၊ အစိုးရဘဏ် နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံက လဲလှယ်ပေးခြင်းဖြင့် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်းကို ဧပြီလမတိုင်ခင်က လွှတ်တော်၌ ဘဏ္ဏာရေးဝန်ကြီး ဦးဝင်းရှိန်က တင်ပြပြောကြားခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment