Tuesday, September 1, 2015

ဆိုက်ဘာတိုက်ခိုက်မှုများ အတွက် တရုတ်ကို ဒဏ်ခတ်အရေးယူရန် အမေရိကန်အစိုးရ ပြင်ဆင်ဟု သတင်းထွက်


အမေရိကန်အစိုးရ၏ ကွန်ပျူတာ သတင်းအချက်အလက်များကို တရုတ်ဟက်ကာများ ချိုးဖောက်ဝင်ရောက်ရယူခဲ့မှုများနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသော ပုဂ္ဂိုလ်များနှင့် တရုတ်ကုမ္ပဏီကြီးများကို ဒဏ်ခတ်အရေးယူရန် အမေရိကန်အစိုးရက ပြင်ဆင်လျက်ရှိကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံမှ ဟက်ကာများသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို ခိုးယူခဲ့သလို ဆိုက်ဘာတိုက်ခိုက်မှုများလည်း လုပ်ဆောင်ခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဒဏ်ခတ်အရေးယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သမ္မတအိုဘားမား အုပ်ချုပ်ရေးအဖွဲ့မှ အမည်မဖော်လိုသော အရာရှိကြီးတစ်ဦးက Washington Post သတင်းစာသို့ ပြောကြားသည်။
အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ အနေနှင့် ထိုသို့ ဒဏ်ခတ်အရေးယူမည့် ကိစ္စကို ဆုံးဖြတ်မှု မပြုရသေးသော်လည်း အလေးအနက် စဉ်းစားလျက်ရှိကာ မကြာမီအချိန်တွင် ဆုံးဖြတ်လိမ့်မည် ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စု ပိုင်ဆိုင်သော အချက်အလက်များကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့သူများ၊ ဘဏ္ဍာရေး အကျိုးအမြတ်ရရှိရေး အတွက် သတင်းအချက်အလက် ခိုးယူခဲ့သူများအပေါ် ငွေကြေးလွှဲပြောင်းမှု ပိတ်ပင်ခြင်း အပါအဝင် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်နိုင်သည့် အမိန့်အာဏာတစ်ရပ်ကို သမ္မတအိုဘားမားက ဧပြီလ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးကာ ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ပေးအပ်ခဲ့သည်။
အမေရိကန်အစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ တိုင်းပြည်၏ ဆိုက်ဘာလုံခြုံရေးအတွက် ဖက်ဒရယ် အေဂျင်စီတစ်ရပ်ကို ဖန်တီးတည်ထောင်ခဲ့သလို ပြည်တွင်းကုမ္ပဏီများ အနေနှင့် ဟက်ကာများ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အစိုးရအဖွဲ့နှင့် ဖလှယ်ကြရန် တွန်းအားပေး လုပ်ကိုင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ သတင်းအချက်အလက်များ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များတွင် ဟက်ကာများကို တရုတ်နိုင်ငံက နောက်ကွယ်မှ ပံ့ပိုးခဲ့သည်ဟု အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က တောက်လျှောက်စွပ်စွဲလာခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း အမေရိကန်ကုမ္ပဏီများ၏ စီးပွားရေး အချက်အလက်များကို တရုတ်စစ်ဘက်အရာရှိကြီး ငါးဦးက ခိုးယူခဲ့သည်ဟု အမေရိကန်အစိုးရက စွပ်စွဲခဲ့သည်။
သို့သော် တရုတ်အစိုးရက စွပ်စွဲချက်များ မှန်ကန်မှုမရှိကြောင်း ပြောဆိုပြီး ပယ်ချခဲ့သည်။
အမေရိကန်အစိုးရ အရာရှိကြီးများ၏ အဆိုအရ ဆိုက်ဘာတိုက်ခိုက်မှုများအပေါ် ဒဏ်ခတ်အရေးယူသည့် နည်းလမ်းဖြင့် တုံ့ပြန်ခြင်းမှာ အခက်အခဲများ ရှိလိမ့်မည်ဟု သိရသည်။
ဤသို့ လုပ်ဆောင်ခြင်းကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေး ထိခိုက်နစ်နာရမည်ကိုလည်း အမေရိကန်အစိုးရ အရာရှိကြီးများက စိုးရိမ်လျက်ရှိသည်။
Credit to>>>The Voice

0 comments:

Post a Comment