Saturday, May 11, 2013

ပြည်သူ့လွှတ်တော် ဥပဒေ၀က်ဆိုဒ်ဖွင့်လှစ်

1 May, 2013

ကိုလိုနီခေတ်မှယနေ့အထိခေတ်အဆက်ဆက်ပြဋ္ဌာန်းခဲ့သည့်ဥပဒေများအားအများပြည်သူလေ့လာသိရှိနိုင်ရန်အတွက်  ပြည်သူ့လွှတ်တော်ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။

အဆိုပါအစီအစဉ်မှာ နိုင်ငံသားများအနေဖြင့် မိမိနိုင်ငံတွင်မည်သည့်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းထားသည်ကို သိသင့်သည့်အတွက် အထူးကောင်းမွန်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။

“ရှေ့နေတွေ၊ တရားရုံးတွေ တရားသူကြီးတွေတောင် ဒီဥပဒေအကုန်လုံးကို မသိတာက စုစုစည်းစည်းနဲ့အခုလို လုပ်ထားတာမျိုးမရှိလို့ပါ၊ အကြောင်းတစုံတရာပေါ်ရင်တောင် ဘယ်ဥပဒေမှာ ညှိစွန်းလည်းဆိုတာ ရှာရတာက တစ်ပတ်လောက်ကြာတယ်၊ ဒါက လုပ်သင့်တာကြာပါပြီ” ဟု တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးဦး(စိန်ပေါ)က ပြောသည်။

၎င်းဝက်ဘ်ဆိုဒ်တွင် ဥပဒေပေါင်း (၂၉၇)ခုဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ၁၈၈၆ ခုနှစ် ကိုလိုနီခေတ်မှစ၍ ယခုအချိန် အထိ ခေတ်အလိုက်ပြဋ္ဌာန်ထားသော ဥပဒေအမျိုးအစားများ ပါဝင်ကာ အမည်၊ ဥပဒေအမှတ်၊ ဥပဒေ အမျိုး အစား၊ ထုတ်ဝေသည့် ရက်စွဲစသည်တို့ကို ၀င်ရောက်ရှာဖွေလေ့လာနိုင်ခြင်းဖြစ်သည်။

“ဥပဒေတစ်ခုခုကို ရှာချင်ရင် စာအုပ်တွေမှာ လိုက်ရှာရတာ။ အခုလို အင်တာနက်ကနေ တင်ပေးထားတော့ လွယ်လွယ်ကူကူ ရှာလို့ရတာပေါ့။ စာအုပ်တွေလည်း လိုက်ရှာ ၀ယ်နေစရာမလိုတော့ဘူး။ ကျွန်မတို့လို အလုပ် သင်ရှေ့နေတွေအနေနဲ့ ပိုတောင် အသုံးဝင်ပါတယ်။” ဟု အလုပ်သင်ရှေ့နေ မပြည့်ပြည့်က ပြောသည်။
အဆိုပါ ပြည်သူ့လွှတ်တော် ဥပဒေ၀က်ဆိုဒ်သို့ ၀င်ရောက်လိုပါက http://lawdatabase. pyithuhluttaw. gov.mm/my သို့ ၀င်ရောက်ကြည့်ရှု့နိုင်ကြောင်းနှင့် ဥပဒေများကို ဆက်လက်ထည့်သွင်းနေဆဲဖြစ်သည်ဟု မေလ(၁၀)ရက်နေ့ ပြည်သူ့လွှတ်တော်လူမှုကွန်ယက်မှ သတင်းများအရ သိရသည်။
အဆိုပါ ဥပဒေ၀က်ဘ်ဆိုဒ်တွင် British Buma (Colonial era (1886-1948))- Union of Buma (1948 - 1962) ၊ Revolutionary Council (1962 - 1974) ၊ Socialist Republic of the Union of Buma (1974 - 1988) ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ ၊ နိုင်ငံတော် အေးချမ်းသာယာရေနှင့်ဖွံ့ဖြိုးရေး ကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရစသည့် ခေတ်အလိုက် ပြဋ္ဌာန်းခဲ့သည့်ဥပဒေများအား ဖော်ပြထားခြင်းဖြစ်သည်။

0 comments:

Post a Comment