အစိုးရ ကာလအဆက်ဆက် လုပ်ကိုင်ခွင့်ပြုမိန့်မျိုးစုံဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ ရယူထားမှုကို တောင်သူလယ်သမားများနှင့် လယ်မဲ့၊ ယာမဲ့ တောင်သူလယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံလိုသူများကို ပြန်လည်ချထားပေးရန် အစိုးရမှ စီစဉ်နေကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ သဘောထားမှတ်ချက်အရ နိုင်ငံနှင့်အ၀န်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်ရယူထားပြီး ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးခဲ့သည့် မြေများအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ကောက်ခံနိုင်ရေးနှင့် ပြည်ထောင်စု အစိုးရရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
အစိုးရ ကာလအဆက်ဆက်က လုပ်ကိုင်ခွင့်ပြုမိန့်မျိုးစုံဖြင့် ရယူထားခဲ့ပြီး သတ်မှတ်ကာလ လေးနှစ်အတွင်း လုပ်ကိုင်နိုင်စွမ်း မရှိသည့်မြေများကို အမှန်တကယ် လုပ်ကိုင်လိုသူ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လိုသူများနှင့် ဒေသအသီးသီးရှိ လယ်မဲ့၊ ယာမဲ့ တောင်သူလယ်သမားများသို့ လုပ်ကိုင်နိုင်ရန် ဆက်လက်ချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကချင်နှင့် ရခိုင်ပြည်နယ်ရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိပြီးနောက် ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိပါက ပြန်လည်အပ်နှံရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့က ထုတ်ဆင့်ကြေညာထားကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေ၊ နည်းဥပဒေများ မပြဋ္ဌာန်းမီ မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့မှ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာဦးရေ ၃၀၃ ဦးအား မြေလွတ်၊ မြေရိုင်း၊ မြေလပ်ဧရိယာ (၅၉၀၄၆၀ ဒသမ ၈၃) ဧကကို နှစ် ၃၀ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးခဲ့ကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့မှ ပုဂ္ဂလိက၊ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာဦးရေ ၂၅၆ ဦးအား မြေလွတ်၊ မြေရိုင်း၊ မြေလပ်ဧရိယာ (၁၃၉၄၄၁ ဒသမ ၁၁) ဧကကို နှစ် ၃၀ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခဲ့ကြောင်း သိရသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်း၊ အသုံးပြုနိုင်ခြင်း မရှိပါက ယခုအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ပြန်လည်အပ်နှံရန် အကြောင်းကြားကြောင်း ထုတ်ပြန်ခဲ့သည်။
လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် ရရှိပြီးနောက် ဆက်လက် လုပ်ကိုင်နိုင်ခြင်း အသုံးပြုနိုင်ခြင်း မရှိသည့် မြေဧရိယာ တစ်စိတ်တစ်ဒေသအား ပြန်လည်အပ်နှံသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြေစာရင်းပုံစံ(၁၀၅)၊ မြေပုံမူရင်း သုံးပုံကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိခဲ့သည့် မြေဧရိယာအတွက် မြေစာရင်းပုံစံ(၁၀၅)၊ မြေပုံမူရင်းတစ်ပုံ၊ တစ်စိတ်တစ်ဒေသ ပြန်လည်အပ်နှံမည့် မြေဧရိယာအတွက် မြေစာရင်း ပုံစံ ၁၀၅ ၊မြေပုံမူရင်းတစ်ပုံ၊ ကျန်ရှိသည့် မြေဧရိယာအတွက် မြေစာရင်း ပုံစံ ၁၀၅၊ မြေပုံ မူရင်းတို့ကို တင်ပြရမည်ဟု သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment