Tuesday, April 9, 2013

အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု

မူးယစ်ရီဝေ လာပါက အဖော် ယောက်ျားလေးကို ကုန်းပိုးခိုင်းစေ လိုခြင်းနှင့် ငို၍ ကောင်းသောကြောင့် ဘီယာနှင့် ဆိုဂျူး အရက်များ သောက်သုံးကြသည်ဟု ဆိုသည့် ကိုရီးယား လှိုင်း၏ ရိုက်ခတ်မှုသည် မြန်မာ မိန်းကလေးငယ် တချို့အတွက် ဖက်ရှင်ကျသည့် လူငယ် သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။
အမျိုးသား များနှင့် ရင်ပေါင်တန်းမည့် တန်းတူညီမျှ အခွင့်အရေး ဟူသော အသုံးအနှုန်းကို တွင်ကျယ်စွာ ပြောဆိုလာကြပြီး နောက်ပိုင်းတွင် ယမကာ သောက်သုံးခြင်း သည်လည်း အမျိုးသမီးများ ကိုယ်ပိုင် အခွင့်အရေး တစ်ရပ်ဟု လက်ခံယူဆ လာကြသည်။ ရန်ကုန် မြို့တော်တွင် ၁၉ လမ်းကဲ့သို့ အရက်ဆိုင်တန်း များ၌ အမျိုးသား တို့ကြား ၀ိုင်းဖွဲ့ သောက်သုံးနေသည့် အမျိုးသမီးများ အပြင် မိန်းကလေးများ အုပ်စုဖွဲ့ သောက်သုံး နေကြသည့် မြင်ကွင်းများ ကိုလည်း နေ့စဉ်မြင်တွေ့ ရမည်ဖြစ်သည်။ ဘီယာဆိုင် ကြီးများ၊ နိုက်ကလပ်များ၊ ပါတီပွဲ များမှာလည်း အမျိုးသမီး ငယ်များ ဘီယာ၊ အရက်သောက်သုံး လာကြသည်ကို တွေ့မြင်နိုင်ကြ ပါသည်။
အမျိုးသမီးတို့ အနေဖြင့် အရက်အလွန်အကျွံ သောက်သုံး မိပါက နီးစပ်သူ အမျိုသားများနှင့် မှားယွင်းမှုများ ဖြစ်ပေါ်တတ်သည့် သာဓက အချို့လည်းရှိခဲ့ပြီး အများစုကတော့ အပျော်သဘောဖြင့် သရုပ်မပျက် သောက်သုံး ကြသည်က များသည်။ “မူးနေတဲ့ မိန်းကလေး တစ်ယောက်ကို အခွင့်အရေးယူတဲ့ ယောက်ျားက လူစဉ်မမီဘူး ထင်ပါတယ်။ မူးနေတဲ့ မိန်းကလေးမှာ အပြစ်မရှိဘူး ထင်ပါတယ်။ အမြတ်ထုတ်တဲ့ သူသာ အပြစ်ရှိပါတယ်။ လူ့အသိုင်းအ၀ိုင်းက တကယ် အပြစ်ရှိတဲ့ သူကို မြင်တတ်ဖို့ လိုပါတယ်”ဟု Yangon Film School မှ မန်နေဂျာ ကိုသက်ဦးမောင်က ၎င်း၏ အမြင်ကို ပြောသည်။
အမျိုးသမီးများက အမျိုးသားတို့နှင့် ရင်ပေါင်တန်း၍ အရက်သေစာ သောက်သုံး လာကြခြင်း၏ အဓိက အကြောင်းရင်းများ ထဲတွင် ကိုရီးယား ဇာတ်လမ်း တွဲများက ထိပ်ဆုံးမှ ပါဝင်လျက် ရှိသည်။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ စရိုက်အတွင်း ကူးစက် ၀င်ရောက်လာသည့် ကိုရီးယား ယဉ်ကျေးမှု ဓလေ့စရိုက် များက အသက်အရွယ် မရွေး၊ ကျား၊ မ မရွေး စွဲလမ်း လာစေခဲ့ပြီး အနောက်တိုင်း ရုပ်ရှင်များတွင် ပါဝင်သည့် ဓလေ့စရိုက် များကိုလည်း နှစ်သက်တတ် လာကြသည်။
ဘိန်းစွဲ သကဲ့သို့ စွဲလမ်း လာကြသည့် ကိုရီးယား ဖက်ရှင်များ၊ ကိုရီးယား အစားအသောက်များက လူငယ် ထုအကြား ပျံ့နှံ့မှု ပိုမိုများပြားကာ ဘီယာ၊ အရက်နှင့် ဆိုဂျုးသောက်သုံးခြင်း၊ မူးယစ်လာပါက ငိုကြွေးခြင်း၊ ယောက်ျားလေးကို ကုန်းပိုးခိုင်းခြင်း စသည် တို့ကိုလည်း လုပ်ဆောင် လာကြသည်။ ညဥ့်နက်မှ မူးပြီး အိမ်ပြန်လာသည့် ဇာတ်ဝင်ခန်းများ၊ အိမ်ထောင်ရေးဖောက်ပြန်သည့် ဇာတ်ရှုပ်များကလည်း ကိုရီးယား ဇာတ်ကားတိုင်း လိုလိုတွင် ပါဝင်လျက် ရှိနေသည်။
ယခင်က အရက်ဆိုင်၊ ဘီယာဆိုင်များရှေ့မှ ဖြတ်လျှောက်လျှင်ပင် ခေါင်းငုံ့ကာ ခပ်သွက်သွက်လျှောက်လှမ်းကြသည့် မြန်မာမိန်းကလေးများက ယခုအခါ ဘီယာဆိုင်များအတွင်း ၀င်ထိုင်နေကြပါပြီ။ ယောက်ျားလေး အပေါင်းအသင်းများနှင့် ဘီယာဆိုင်လိုက်ထိုင်ရင်း တစ်ခွက်တစ်ဖလား စမ်းသောက်ကြည့်ရာမှ အရက်သောက်သုံးခြင်းကို စတင်ခဲ့ကြလေသည်။
အသက် ၂၄ နှစ်အရွယ် သတင်းထောက်အမျိုးသမီးတစ်ဦးကတော့ သူမ ဘီယာသောက်ဖြစ်ခြင်းကို အောက်ပါအတိုင်း ပြောကြားသည်။ “ကိုရီးယားကားကြောင့် သောက်တာလည်း မဟုတ်ဘူး။ ကြိုက်လို့သောက်တာ။ သူများမိန်းကလေးတွေ သောက်တာလည်း ဘယ်လိုမှမမြင်ဘူး။ အရမ်းသရုပ်မပျက်ရင် ပြီးတာပဲ။ ဒီမှာက မိန်းမတွေက သောက်ပြီဆို ငိုလိုက်၊ ရယ်လိုက်နဲ့” အသက် (၂၉)နှစ်အရွယ် ကိုနစ်ကီကလည်း “တချို့မိန်းကလေးတွေက အပျော်အပါးသဘောမျိုးနဲ့ သောက်ကြတာတွေ့ရတယ်။
ဥပမာ- ၁၉ လမ်းလို နေရာမျိုးကို ကြည့်လေ။ ဘာပွဲညာပွဲမရှိဘဲနဲ့ကို သောက်နေကြတာ။ သင်္ကြန်မှာဆိုလည်း အရက်ဘီယာသောက်တာ မဆန်းတဲ့ပုံစံနဲ့ သောက်ကြတာ”ဟု ဆိုသည်။ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးများက ပါတီပွဲများ၊ ညစာစားပွဲများတွင် လူမှုရေးအရ ၀ိုင်နှင့်ဘီယာ အနည်းငယ်သောက်သုံးသည့် ဓလေ့ရှိလာကြပြီး တချို့အမျိုးသမီးများက ဖက်ရှင်သဘောမျိုး သောက်သုံးလာကြကာ အမျိုးသမီးငယ်များကတော့ သူငယ်ချင်းအပေါင်းအသင်းများနှင့် သွားလာရင်း သောက်ဖြစ်လာခြင်းဖြစ်သည်။
“သူငယ်ချင်းတွေနဲ့သွားရင်း မြည်းစမ်းသောက်ကြည့်ရာက သောက်တတ်လာတာပဲ။ သောက်ကြည့်လိုက်တော့လည်း ကြိုက်တယ်။ အရင်ခေတ်တွေတုန်းကလို အရက်တစ်ခွက်ဝင်ပြီး မိန်းကလေးတွေ အသိစိတ် ပျောက်ကုန်တယ်ဆိုတာမျိုး မဖြစ်တော့ဘူး။ တော်ရုံတန်ရုံ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ်”ဟု အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။ မြို့နယ်ပေါင်း ၅၀ ကျော်မှ အသက်(၁၈)နှစ်မှ (၆၄)နှစ်အရွယ် လူပေါင်းခုနစ်ထောင်ကျော်ကို ကျပန်းရွေးချယ်၍ သုတေသနတစ်ခု ပြုလုပ်ခဲ့ရာ၌ အမျိုးသား ၁၀၀ တွင် ၄၅ ဦးက အရက်သောက်သုံးပြီး အမျိုးသမီး ၁၀၀ တွင် လေးဦး(လေးရာခိုင်နှုန်း)က အရက်သောက်သုံးကြောင်း တွေ့ရှိရသည်။
“နှစ်ယောက်မှာ တစ်ယောက်လောက် သောက်နေတယ်ဆိုတော့ ဒါတော်တော်အရေးကြီးတဲ့ ပြဿနာပဲ”ဟု ဒေါက်တာကိုကိုဇော်က ပြောသည်။ “ဒီလေးရာခိုင်နှုန်းဆိုတာက မြို့ပြရော၊ တောရော အသက်ကြီးငယ်အားလုံးနဲ့ အရက်လုံးဝမသောက်တဲ့သူတွေကိုပါ ပြုလုပ်ထားတဲ့ သုတေသနပါ။ တကယ်ကို အရက်သောက်နိုင်တဲ့ အများဆုံးအခြေအနေရှိတဲ့ အသက်အပိုင်းအခြားကိုပဲ လေ့လာရင် ဒီထက် အဆပေါင်းများစွာ များနိုင်မယ်”ဟု ၎င်းကဆိုသည်။
အမျိုးသမီးများထဲတွင် အသက်(၃၃)နှစ်မှ (၄၅)နှစ်အထိသည် အများဆုံးသောက်သုံးသည့် အသက်အရွယ်ပင် ဖြစ်သည်။ တိုင်းနှင့်ပြည်နယ်များကို လေ့လာသည့်အခါ ကယားပြည်နယ်သည် အမျိုးသမီးများ အရက်သောက်သုံးမှု အများဆုံးပြည်နယ်ဖြစ်ပြီး သုတေသနပြုလုပ်ချက်အရ တစ်နှစ်အတွင်း အရက်သောက်သုံးမှုမှာ အမျိုးသမီး ၁၀၀ တွင် ၃၈ ဦးရှိကြောင်း တွေ့ရှိရသည်။ အမျိုးသမီးများ အရက်သောက်သုံးမှု ဒုတိယအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်သည်။
အသက်မပြည့်သေးသည့် ကလေးများ အရက်သောက်သုံးမှုနှင့်ပတ်သက်၍ Strategic First စီးပွားရေး သင်တန်းကျောင်းမှ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်း ရှစ်ကျောင်း၌ တက်ရောက်နေသော ၈ တန်းမှ ၁၀ တန်းအထိ ကျောင်းသူ ၁၀၀ ကျော်အား မေးမြန်းခဲ့သည်။ အဆိုပါမေးမြန်းမှုကို ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများ အပါအ၀င် ဆင်ခြေဖုံးရှိ ကျောင်းများကိုပါ ရွေးချယ်မေးမြန်းထားခြင်းဖြစ်သည်။ ကျောင်းသူ ၁၀၀ ကျော်တွင် မေးခွန်းများအား ပြန်လည်ဖြေကြားခဲ့သည့် ကျောင်းသူတိုင်းက ဘီယာနှင့်ဆိုဂျုး သောက်ဖူး ကကြောင်း Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က ပြောပြသည်။
“ယောက်ျားလေးတွေက ကောင်မလေးကိစ္စနဲ့ သောက်တယ်။ ကောင်မလေးတွေကတော့ သောက်ပြီးရင် ငိုလို့ကောင်းလို့၊ ကောင်လေးကို ကုန်းပိုးခိုင်းချင်လို့ သောက်တာလို့ ဖြေကြတယ်။ ဆရာမတွေကိုမေးတာ ကျောင်းမှာလည်း ၀ိုင်ပုလင်းတွေ ယူယူလာလို့ ရုံးခန်းကို ပို့လိုက်ရတယ် ဆိုတာတွေလည် ရှိနေတယ်”ဟု သူကဆိုသည်။ အမျိုးသမီးငယ်များကို အဓိကရည်ရွယ်သည့် ဘီယာသောက်ပြိုင်ပွဲကဲ့သို့ ပြိုင်ပွဲများလည်း တချို့ပါတီပွဲများတွင် ထည့်သွင်းကျင်းပလာပြီး အရက်သောက်ဖူးမှ ခေတ်မီသည်ဆိုသည့် ပြောင်းလဲမှုများလည်း လူအများကြားရှိလာပြီ ဖြစ်သည်။
“အဓိကက ကြိုက်လို့လို့ ထင်ပါတယ်။ ပုံမှန် အားဖြင့် မြန်မာ မိန်းကလေးတွေ စကားတိုးတိုး ပြောပြီး ခပ်မှန်မှန် နေထိုင်လေ့ ရှိပေမယ့် သောက်ပြီးတဲ့အခါ လွတ်လပ်မှုတစ်မျိုးဖြစ်သွားပြီး နေရထိုင်ရတာ ပိုပျော်ဖို့ကောင်းသလို ဖြစ်သွားလို့ သောက်ကြတာလို့ ထင်တယ်”ဟု ဒီဇိုင်နာအမျိုးသမီးတစ်ဦးက ပြောသည်။
“မိန်းကလေးတွေ အရက်သောက်လို့ရတဲ့ နေရာတွေ များလာတယ်။ နိုက်ကလပ်ဆို မိန်းကလေးကို အရက်အလကား တိုက်တယ်လို့ ပြောတာပဲ။ ရုပ်ရှင်ကားတွေထဲမှာလည်း စိတ်ညစ်လို့ ထွက်ပေါက်ရှာရင် အရက်သောက်ပြီး ရှာကြတယ်ပေါ့လေ။ မြန်မာကားတွေမှာလည်း အဲဒါတွေ ရိုက်ကူးပြနေတယ်။ အပြင်မှာလည်း သောက်နေကြတော့ ဒါက ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောလို့ရနေပြီ”ဟု တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက သုံးသပ်သည်။
သို့သော် အမျိုးသမီးများမှာ ကိုယ်သောက်သုံးသည့် ယမကာအမျိုးအစားတွင် အရက်ပမာဏ မည်မျှပါဝင်နေသည်ကို မသိရှိကြပေ။ အများစု၏ စိတ်ထဲတွင် ၀ီစကီကဲ့သို့ အရက်ပြင်းများ၌ အယ်လ်ကိုဟောလ် Level ၁၀၀ ရာခိုင်နှုန်း ပါဝင်နေပြီး ဘီယာကဲ့သို့ အဖျော်ယမကာများတွင်မူ အယ်လ်ကိုဟောလ်ပမာဏ အနည်းငယ်သာ ပါဝင်နေသည်ဟု ထင်မှတ်နေကြသည်က များသည်။
တကယ်တမ်းတော့ မိန်းကလေးများ သောက်သုံးနေကြသည့် ဆိုဂျုးအရက်တွင်ပင် အယ်လ်ကိုဟောလ် Level မြင့်မားစွာ ပါဝင်နေပြီး ဘီယာတွင်လည်း အယ်လ်ကိုဟောလ် ၄ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း သိရသည်။ “Trend ကလည်း တော်တော်လေးကို ပြောင်းလဲနေပြီ။ အရက်တွေလည်း ထပ်ပြီးခွင့်ပြုနေတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးကို ကာကွယ်ဖို့ ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာတော့ မရှိဘူး။ ထိုက်သင့်တဲ့အခွန်တွေ တိုးကောက်တာမျိုး၊ ထိုက်သင့်တဲ့ ထိန်းသိမ်းမှုတွေနဲ့ လူငယ်တွေကို ပညာပေးတာမျိုးတွေ ထိထိရောက်ရောက် လုပ်ဖို့တော့ လိုနေပါပြီ”ဟု Strategic First သင်တန်းကျောင်းမှ ကျောင်းအုပ်ဦးအောင်မျိုးချစ်က သုံးသပ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ်တွင် ပြုလုပ်ထားသည့် သုတေသနအရ မြန်မာနိုင်ငံ၌ ဘီယာသောက်သုံးမှုမှာ ၈၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အရက်ပြင်းနှင့် ၀ိုင်သောက်သုံးမှုမှာ ၁၇ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။ “အရက်သောက်တာကြာရင် ပထမအဆင့်မှာ စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှု ဖြစ်လာတယ်။ အဲဒါကိုမှ မဖြတ်ဘူးဆိုရင် ရုပ်ပိုင်းဆိုင်ရာစွဲလန်းမှုတွေ ဖြစ်လာတယ်။ အရက်အနည်းငယ်သောက်ရင် ကျန်းမာရေးအတွက် ကောင်းကျိုးနည်းနည်း ရှိတယ်ဆိုပေမယ့် လူအများက အဲဒီအဆင့်နဲ့တင် ရပ်မနေကြဘူး။ လစ်မစ်ကျော်တဲ့အထိ ကူးသွားတာများတယ်”ဟု ဒေါက်တာကိုကိုဇော်က ပြောသည်။
လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသက်(၂၅)နှစ်အရွယ် မချမ်းငြိမ်းဖြူကလည်း “ဘယ်အရာမဆို အလွန်အကျွံ မဖြစ်ရင် ကောင်းပါတယ်”ဟု ဆိုလာသည်။ အရက်၊ ဘီယာ သောက်သုံးခြင်း အားဖြင့် မည်သူမဆို ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်ခြေရှိနေပြီး အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်ရှိစေရန် အခက်အခဲ ဖြစ်စေသောကြောင့် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ရှား သင့်ပါသည်။ ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ အရက်စွဲ ဝေဒနာဖြင့် ရောက်ရှိလာကြသူများ ထဲတွင် အမျိုးသမီး များလည်း ပါဝင် လာနေခဲ့ပြီ ဖြစ်သည်။
“ရောဂါပေါင်း ခြောက်ဆယ်ကျော် ဖြစ်နိုင်တဲ့ အထဲက လူတိုင်း သိတာကတော့ အသည်းခြောက် ရောဂါ၊ ဦးနှောက်ထိခိုက်တဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်တယ်။ ပြီးတော့ ခံတွင်း ကင်ဆာစတဲ့ ကင်ဆာ ရောဂါတွေ၊ အမျိုးသမီးတွေမှာ ဆိုရင်လည်း ကလေး ပေါင်မပြည့်ဘဲ မွေးတာမျိုး၊ ဆီးချိုရောဂါနဲ့ လူမှုရေး ပိုင်းဆိုင်ရာ ပြဿနာတွေ ကတော့ အထင်ရှားဆုံးပဲ”ဟု ဒေါက်တာ ကိုကိုဇော်က ရှင်းပြသည်။
နိုင်ငံခြားယဉ်ကျေးမှုများကို သရုပ်ပျက်ခြင်းဟု ဆို၍မရပါ။ သူတို့လူမျိုး၊ သူတို့ထုံးစံပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ထုံးစံရိုးရာများ ရှိပါသည်။ နိုင်ငံခြားယဉ်ကျေးမှုများကို အတုယူနေထိုင်ခြင်းသည် တိုးတက်လာသည့် ခေတ်အခြေအနေအရ ဖြစ်တည်လာမှုတစ်ခုပင် ဖြစ်နိုင်ပြီး မြန်မာ့ယဉ်ကျေးမှုကိုလည်း ပျောက်ပျက်မသွားစေရန် ထိန်းသိမ်းဖို့ရာ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။
တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်မှ မခင်နှင်းကြည်သာက လူငယ်အမျိုးသမီးများ အရက်၊ ဘီယာ သောက်စားလာကြခြင်းအပေါ်တွင် အောက်ပါအတိုင်းသာ မှတ်ချက်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုဆိုရင် စကတ်တိုဝတ်တယ်ဆိုတာ ခြေထောက်လှဖို့ လိုတယ်လေ။ ကောင်းတယ်ထင်ရင်လုပ်ပေါ့။ ကိုယ်လုပ်တာတွေက ကိုယ့်အရိပ်ပဲဖြစ်မှာပါ”ဟူ၍ ဖြစ်ပါသည်။

0 comments:

Post a Comment