Monday, February 6, 2017

လုပ်ငန်းရပ်ဆိုင်းခံခဲ့ရသည့် ရိုးမဘဏ်အနေဖြင့် ဘဏ်အပ်ငွေနှင့် ချေးငွေ သုညအခြေအနေမှ သုံးနှစ်အတွင်း ဘဏ်အပ်ငွေကျပ် ဘီလျံ ၁၃၅၀ ကျော်နှင့် ချေးငွေကျပ် ဘီလျံ ၉၅၀ အထိ မြင့်တက်လာ

ဘဏ်လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခံခဲ့ရပြီး ငွေလွှဲလုပ်ငန်းတစ်ခုသာ လုပ်ကိုင်ခွင့်ရရှိကာ ၂၀၁၃ ခုနှစ်တွင်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ပြန်လည်ရရှိခဲ့သည့် ရိုးမဘဏ်အနေဖြင့် လုပ်ငန်းပြန်လည် စတင်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ဘဏ်အပ်ငွေနှင့် ချေးငွေ သုညအခြေအနေမှ သုံးနှစ်အတွင်း ဘဏ်အပ်ငွေကျပ် ဘီလျံ ၁၃၅၀ ကျော်အထိ ရောက်ရှိလာခဲ့ပြီး ချေးငွေကျပ် ဘီလျံ ၉၅၀ အထိ ရှိလာခဲ့ကာ FMI မှ ရရှိနေသည့် အမြတ်ပမာဏ၏ ရာခိုင်နှုန်း ၉၀ သည် ရိုးမဘဏ်မှ ဖြစ်နေကြောင်း FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဆုံး စာရင်းဝင် ကုမ္ပဏီဖြစ်ပြီး ရှယ်ယာတစ်စု ကျပ် ၄၀,၀၀၀ အထိ မြင့်တက်ခဲ့ဖူးသည့် FMI အနေဖြင့် လက်ရှိတွင် ရှယ်ယာတစ်စု ကျပ် ၁၄၀၀၀ သာ ရှိနေကာ ရှယ်ယာဈေး ကျဆင်းမှု ဖြစ်ပေါ်နေသည့် FMI ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများနှင့် အနာဂတ် အလားအလာများအကြောင်း ဦးသိမ်းဝေက ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်းခန်းမ၌ ပြုလုပ်ခဲ့ပြီး ရှယ်ယာရှင်များက အစုရှယ်ယာတန်ဖိုး ပြန်လည်မြင့်တက်ရေး အပါအ၀င် FMI ကုမ္ပဏီ၏ လက်ရှိလုပ်ငန်း ဆောင်ရွက်မှုများကို မေးမြန်းခဲ့ကြောင်း သိရသည်။


FMI ကုမ္ပဏီအနေဖြင့် ရပ်တည်ခဲ့သည့် ၂၅ နှစ်တာကာလအတွင်း တစ်နှစ်မျှ အရှုံးမပေါ်ခဲ့ကြောင်းနှင့် ၂၀၀၃ ခုနှစ် ဘဏ်လုပ်ငန်း အကျပ်အတည်းတွင် ရိုးမဘဏ်၏ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခံခဲ့ရပြီး ဘဏ်လုပ်ငန်းကဏ္ဍတွင် အမြတ်မရှိဘဲ ၁၀ နှစ်တာကြာအောင် ရပ်တည်ခဲ့ကြောင်းနှင့် ထိုသို့ ဘဏ်လုပ်ငန်းမှ အမြတ်မရရှိချိန်တွင် FMI ကုမ္ပဏီ အနေဖြင့် အခြားထောက်ကူထားသည့် အိမ်ခြံမြေအပါအ၀င် အခြားကဏ္ဍများမှ အမြတ်ရရှိခဲ့ကြောင်း၊ လက်ရှိအိမ်ခြံမြေကဏ္ဍ ကျဆင်းနေချိန်တွင် FMI ကုမ္ပဏီအနေဖြင့် ဘဏ်လုပ်ငန်း အပါအ၀င် အခြားကဏ္ဍများမှ ထောက်ကူနိုင်ကြောင်း ဦးသိမ်းဝေက ရှင်းလင်းခဲ့ကြောင်း သိရသည်။

“ဘဏ္ဍာရေးလုပ်ငန်း ပြန်စတာ ဒီနေ့ဆိုရင် သုံးနှစ်တောင် မရှိသေးပါဘူး။ အဲဒီ သုံးနှစ်အတွင်းမှာ စတင်ချိန်တုန်းက ဘဏ်အပ်ငွေလည်း Zero၊ ချေးငွေဆိုလည်း Zero ပါ။ အဲဒီလိုနဲ့ ပြန်စခဲ့တာ ပြီးခဲ့တဲ့ ဒီဇင်ဘာအထိ ဘဏ်အပ်ငွေ ၁၀၃၅ ဘီလျံနဲ့ ချေးငွေဟာ ကျပ် ၉၅၀ ဘီလျံအထိ ရှိလာပါတယ်။ ဘဏ်အပ်ငွေနဲ့တိုင်းမယ်ဆိုရင် ရိုးမဘဏ်ဟာ နံပါတ် (၄) နေရာမှာ ရှိနေပါတယ်။ အချိန်ကာလတိုတို အတွင်းမှာ နံပါတ် (၁၃) ကနေ နံပါတ် (၄) အထိ တက်လာတာ။ ချေးငွေမှာဆိုရင်လည်း သုညကနေ ပြန်စခဲ့တာ။ ဘဏ်တစ်ခုရဲ့ ပိုင်ဆိုင်မှုသည် ချေးငွေပဲ။ ချေးငွေသည် ဘဏ်တစ်ခုရဲ့ အသက်။ ကျွန်တော်တို့က သုညကနေ ဘီလျံ ၉၅၀ အထိ တက်လာတာ” ဟု ဦးသိမ်းဝေက ဆိုသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment