Wednesday, February 15, 2017

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လေးနိုင်ငံအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည် ဖော်ဆောင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လေးနိုင်ငံအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အလုပ်ရုံ ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက “ဒီနေ့ လုပ်တဲ့ပွဲက လေးနိုင်ငံမှာ ကုလသမဂ္ဂကနေပြီးတော့ ကမ္ဘာ့နိုင်ငံအားလုံးအတွက် ချမှတ်ထားတဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဒေသ ဖွံ့ဖြိုးရေးကိစ္စတွေကို နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ကြတဲ့နေရာမှာ ချထားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ၊ ဘယ်လိုစီမံကိန်းတွေ ချမှတ်ဆောင်ရွက်ကြမလဲ။ တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံ ဖလှယ်တယ်။ နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့လည်း အသိပညာ ဗဟုသုတတွေကို ဖလှယ်ပေးဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။


ဆက်လက်၍ “မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ ရှိတယ်။ အဲဒါတွေကတော့ နှစ်နှစ်ဆယ်၊ နှစ်ရှည်စီမံကိန်းတွေနဲ့သွားတယ်။ နှစ်တိုစီမံကိန်းနဲ့လည်း သွားတယ်။ နှစ်ရှည်စီမံကိန်းတွေလည်း ရှိတယ်။ အဲဒီမှာ ကဏ္ဍအလိုက် အကောင်အထည် ဖော်တာတွေ ရှိတယ်။ ဒေသအလိုက် အကောင်အထည် ဖော်တာတွေလည်း ရှိ တယ်။ တိုင်းနဲ့ပြည်နယ်ကဆွဲတဲ့ စီမံကိန်းတွေဆိုရင် ဒေသအလိုက်ပေါ့။ ကဏ္ဍအလိုက်ဆိုရင် စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ စက်မှုကဏ္ဍ ဒီလိုကဏ္ဍတွေ အကောင်အထည် ဖော်တာပါ။ ကိုယ့်တိုင်းပြည်က ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ ကုလသမဂ္ဂကနိုင်ငံအားလုံးအတွက် ချပေးထားတဲ့ ရည်မှန်းချက်တွေနဲ့ ဒါကိုချိတ်ဆက်ပြီး အကောင်အထည်ဖော်ကြဖို့ စဉ်ဆက်မပြတ် လုပ်သွားကြရမှာပါ” ဟု ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးမှု အခြေအနေများ၊ ပညာရေးညွှန်းကိန်း၊ ကျန်းမာရေးညွှန်းကိန်းနှင့် ကျားမညွှန်းကိန်း အခြေအနေများ၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများအား အခြေခံ အချက်အလက်အဖြစ် ရယူပြီး တစ်နှစ်အကြာတွင် အစီရင်ခံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည်ဖော်ရာတွင် အဓိက ပါဝင်ရမည့် အချက်များ၊ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်ထားမှု အခြေအနေများ၊ ၂၀၃၀ ပြည့်နှစ်အထိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်၏ တိုးတက်မှု အစီအစဉ်များနှင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Credit To >>> Eleven Media Group




0 comments:

Post a Comment