“တရားရုံးနဲ့ သက်ဆိုင်တဲ့ ၀န်ထမ်းငယ်တွေကလည်း တောင်းတယ်။ ဒါကိုမကျေနပ်လို့ ခရိုင်တက်မယ် ဆိုရင်လည်း ၁၅ သိန်း၊ သိန်း ၂၀ ပေါက်ဈေးရှိတယ်ဆိုပြီး အမှုသည်တွေက အန်ကယ်တို့ကို နှုတ်နဲ့တိုင်ကြားတာ ရှိတယ်။ အဲဒီလိုပဲ တိုင်းတက်ရမယ်ဆိုရင် တိုင်းတက်ရမှာက ဘယ်လောက်။ အဲဒါ သူတို့ငှားတဲ့ ရှေ့နေကလည်း ပြန်တောင်းတယ်။ အမှုသည်ငှားတဲ့ ရှေ့နေကလည်း ခရိုင်တက်မယ်ဆိုရင် ဘယ်လောက်ပေးမှ လက်ခံမယ်။ ခရိုင်ကရလား၊ မရလားလည်း မသိဘူး။ အမှုသည်ကတော့ ရှာကြံပေးရတာပေါ့။ အဲဒီတော့ အဲဒါတွေကို ပြည်သူတွေရဲ့ ခံစားချက်ကိုသိအောင် တရားရုံးကို သတိပေးခဲ့တယ်။ သူတို့လည်း သိချင်မှသိမယ်။ ဒါပေမဲ့ ကြားကတောင်းနေတာကတော့ ငှားတဲ့ရှေ့နေနဲ့ ပွဲစားတွေက တောင်းနေတာ။ တိုင်စာတင်မကဘူး။ တရားလွှတ်တော်ရှေ့နေလုပ်ခဲ့တာ။ အန်ကယ်ကိုယ်တိုင်လည်း တွေ့လာတာ” ဟု တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာစိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်ရှိ တရားရုံးများ၊ ဥပဒေရုံးများနှင့် ရဲစခန်းများ၏ အခြေအနေကို သိရှိနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီက ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။
“တရားရုံးအတွက် မကောင်းတဲ့ သတင်းတွေ အဲဒါက အဓိက ပြည်သူတွေပြောတဲ့ တရားစီရင်ရေး ယိမ်းယိုင်နေတယ်ဆိုတာ အဓိကပဲ။ ဘာလို့လဲဆိုတော့ အမှုဖွင့်ရင် မြို့နယ်ရဲစခန်းကအစ ဘယ်လောက်ပေးရမလဲ။ ဥပဒေမှာမှ မရှိတာ။ ဒါတွေကို ပွဲစားတွေကို ပေးနေရတယ်။ တချို့ဟာတွေဆို သောင်းနဲ့ချီပြီး ပေးရတယ်။ အာမခံပေးလို့ရတဲ့ ကိစ္စကိုတောင် အာမခံကြေး ဘယ်လောက်ဆိုပြီး မြို့နယ်ရုံးရောက်ရင် မြို့နယ်ကိုဝင်ဖို့အတွက် တရားသူကြီး လက်ခံဖို့ ဘယ်လောက်၊ တရားသူကြီးက တောင်းတာမဟုတ်ဘူး။ အပြင်မှာ ပွဲစားတွေက တောင်းပြီးတော့ လုပ်နေကြတယ်။ ပေးနေရတာတွေ ရှိတယ်။ ဒါတွေကို သတိပေးရမယ်” ဟု တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။
ကွင်းဆင်းလေ့လာရန် ကျန်ရှိသည့် ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ တရားရုံးများ၊ ဥပဒေရုံများနှင့် ရဲစခန်းများကို ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ် ၄၄ မြို့နယ်အား လေ့လာမှုများ ပြုလုပ်ပြီးပါက တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“တရားရုံးတွေ၊ ရဲစခန်းတွေကို လေ့လာတဲ့အခါမှာ တရားရုံး အချုပ်ခန်းတွေက ကျဉ်းနေတယ်။ တရားရုံးတွေမှာ အပိုင်ရှေ့နေတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စတွေကို တွေ့ရတယ်။ ရဲစခန်းတွေမှာဆိုရင်လည်း ၀န်ထမ်းအင်အား မလုံလောက်တာတွေ တွေ့တယ်။ ၀န်ထမ်းအင်အား မလုံလောက်တဲ့အတွက် ရဲတွေရဲ့ စွမ်းဆောင်ရည်ကလည်း ကျလာတယ်။ အခုမြို့နယ် ၄၀ ကို လေ့လာမှု ပြုလုပ်ပြီးသွားပြီ။ ကျန်သေးတဲ့လေးမြို့နယ်ကို ဇန်န၀ါရီ ၁၀ ရက်မှာ လေ့လာမှု ပြုလုပ်မယ်လို့ စီစဉ်ထားပေမယ့် ၀န်ကြီးချုပ်ရဲ့ ကြားဖြတ်အစည်းအဝေး ရှိတာကြောင့် နောက်တစ်ပတ်ကို ရွှေ့ထားတယ်” ဟု တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာစိစစ်ရေး ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဖကျော်ထွန်းက ပြောကြားသည်။
ထို့ပြင် ခရိုင်အဆင့် တရားရုံးလေးခုနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တို့ပါ ကွင်းလေ့လာမည့် အထဲတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment