ရန်ကုန်စတော့အိတ်ချိန်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၇ သန်းအထိ ရှိနေပြီး Trading Value တွင် ဒေါ်လာ ၃၄၁၉ သန်းအထိ ရှိနေကာ အဆိုပါတန်ဖိုးမှာ ဒေသတွင်း နိုင်ငံများဖြစ်သည့် ဗီယက်နမ်နိုင်ငံနှင့် လာအို နိုင်ငံတို့တွင် စတော့အိတ်ချိန်းများ စတင်ချိန်မှ တစ်နှစ်အတွင်း ကျော်ဖြတ်ခဲ့သည့် ကာလတူ ပမာဏထက် များစွာသာလွန်နေသည်ဟု မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဇန်န၀ါရီ ၂၀ ရက်တွင် ပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်း အနေဖြင့် ၂၀၁၆ ခုနှစ် မတ် ၂၅ ရက်တွင် စတင်ခဲ့ပြီး လက်ရှိတွင် စာရင်းဝင်ကုမ္ပဏီ လေးခုအထိ ရှိလာကာ ဒေသတွင်း နိုင်ငံများတွင်မူ အင်ဒိုနီးရှားစတော့ အိတ်ချိန်းကို ၁၉၇၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်လှစ်ပြီး တစ်နှစ်ကြာသည်အထိ စာရင်းဝင်ကုမ္ပဏီ တစ်ခုသာရှိကြောင်း၊ ဗီယက်နမ် စတော့အိတ်ချိန်းကို ၂၀၀၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်လှစ်ပြီး တစ်နှစ်အကြာတွင် စာရင်းဝင်ကုမ္ပဏီ ငါးခုရှိကြောင်း၊ ထိုင်းစတော့အိတ်ချိန်းကို ၁၉၇၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်အကြာတွင် စာရင်းဝင် ကုမ္ပဏီ ၂၀ ရှိသည်ဟု လေ့လာတွေ့ရှိရကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။
ထိုသို့ စတော့အိတ်ချိန်းများကို စတော့အိတ်ချိန်း တစ်ခု၏ ဖွံ့ဖြိုးမှု၊ စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့်နှစ်၊ စတင်ဖွင့်လှစ်သည့် အခြေအနေတွင်ရှိသော ဈေးကွက်နှင့် စာရင်းဝင်ကုမ္ပဏီ တိုးတက်လာမှု စသည်တို့နှင့် နှိုင်းယှဉ်သုံးသပ်ပါက လက်ရှိရန်ကုန်စတော့ အိတ်ချိန်း၏ အခြေအနေမှာ သင့်တင့်သည့် စာရင်းဝင် ကုမ္ပဏီဦးရေနှင့် ပုံမှန်လည်ပတ်နေပြီး တည်ငြိမ်မှုရှိနေသည်ကို တွေ့မြင်ရသည်ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။
“ဒီနေ့အချိန်မှာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ နဲ့တွက်မယ်ဆိုရင် ဒီနေ့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ Market Capitalization ဟာ အမေရိကန်ဒေါ်လာ ညီမျှတန်ဖိုးအားဖြင့် ၅၉၇ သန်း ရှိနေတာ ဖြစ်ပြီးတော့ Trading Value အနေနဲ့ အမေရိကန်ဒေါ်လာ ၃၄၁၉ သန်း (မြန်မာကျပ်ငွေ လေးသန်းခြောက်သိန်း တစ်သောင်း ငါးထောင်ကျော်) ရှိနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အလားတူ ကာလအတွင်းမှာ ဗီယက်နမ်နိုင်ငံနဲ့ လာအိုနိုင်ငံတို့ ကျော်ဖြတ်ခဲ့တဲ့ အခြေအနေထက် ပိုမိုများပြား နေတာကို တွေ့ရှိရပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI ရှယ်ယာသည် ၂၀၁၆ ခုနှစ်အတွင်း ရှယ်ယာအရောင်းအ၀ယ်ဖြစ်မှု ကျပ် ၄၄ ဘီလျံကျော်၊ MTSH ရှယ်ယာသည် ကျပ် ၂၄ ဘီလျံကျော်အထိ အရောင်းအ၀ယ် ဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံသားများဘဏ်၏ MCB ရှယ်ယာသည် ကျပ်တစ်ဘီလျံကျော်သာ အရောင်းအ၀ယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ် အရောင်းအ၀ယ် ဖြစ်ပေါ်မှု နှစ်ပတ်လည် အစီရင်ခံစာ အကျဉ်းချုပ်အရ သိရသည်။
“ရန်ကုန်စတော့အိတ်ချိန်းက အခုဆိုရင် စာရင်းဝင်ကုမ္ပဏီ လေးခုရှိခဲ့ပြီ။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ Trading ကာလကတော့ ကိုးလကျော်ခဲ့ပြီ။ ကိုးလကျော်ခဲ့တဲ့ အချိန်မှာ အရောင်းအ၀ယ် လုပ်ခဲ့တဲ့ ရှယ်ယာတန်ဖိုးပေါင်းဆိုရင် ၇၁ ဘီလျံကျော် အရောင်းအ၀ယ် လုပ်ခဲ့ပြီးပြီ။ သက်တမ်းနုနယ်သေးတဲ့ စတော့အိတ်ချိန်း တစ်ခုအတွက် ကျပ် ၇၁ ဘီလျံဆိုတာ တကယ့်ကို အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်းမှ အကြီးတန်း အမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment