Tuesday, January 17, 2017

ဆင်စခန်းသုံးခု အပါအ၀င် ဆင်ဖြင့် တောတွင်းသွားလာနိုင်မည့် ရက်ရှည်ခရီးစဉ်ကို ကသာမြို့နယ် နတ်ပေါက်ဆင်စခန်းက တိုးချဲ့

နတ်ပေါက်၊ နတ်မကျိုင်းနှင့် သစ်ပုကြီး ဆင်စခန်းများသို့ ဆင်ဖြင့်သွားလာနိုင်မည့် တောတွင်းရက်ရှည် ခရီးစဉ်ကို ဇန်န၀ါရီလကုန်တွင် စတင်မည်ဖြစ်ကြောင်း နတ်ပေါက် ဆင်စခန်းမှ သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကသာအနောက် သစ်ထုတ်လုပ်ရေးဒေသရှိ နတ်ပေါက်ဆင်စခန်းမှ ငါးမိုင်အကွာရှိ နတ်မကျိုင်း ဆင်အိုဆင်နာစခန်း၊ သစ်ဘုကြီးဆင်စခန်း စသည့် ဆင်စခန်းသုံးခုသို့ ဆင်ဖြင့် လေးညအိပ် ငါးရက်ခရီးစဉ်ကို ဇန်န၀ါရီလကုန်တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါ နတ်ပေါက်ဆင်စခန်းမှ ဒေါက်တာအောင်သူရစိုးက ပြောကြားသည်။


“ဒီနတ်ပေါက်ဆင်စခန်းနဲ့ ငါးမိုင်အကွာက နတ်မကျိုင်း ဆင်အိုဆင်နာစခန်း အထိကို ဆင်နဲ့လေးညအိပ် ငါးရက်ခရီးရှည်သွားဖို့ အစီအစဉ်အသစ် ရှိပါတယ်။ အဲဒီမှာ တည်းခိုနေထိုင်ဖို့ စီစဉ်တည်ဆောက် နေပါတယ်။ တောတွင်းမှာပဲ အိပ်ပြီးသွားမယ့် ခရီးစဉ်ပါ။ ကနဦးတော့ နိုင်ငံခြားသား ခရီးသည်တွေအတွက် ခရီးသွားကုမ္ပဏီ တစ်ခုနဲ့ ချိတ်ဆက်ထားပါတယ်။ ဇန်န၀ါရီလကုန်နဲ့ ဖေဖော်ဝါရီ ဒုတိယပတ်မှာ ခရီးစဉ်နှစ်သုတ်ရှိတယ်” ဟု အဆိုပါနတ်မကျိုင်း ဆင်အိုဆင်နာစခန်းသည် ၀န်တင်ဆင်များ မဟုတ်ဘဲ သီးသန့်ထိန်းသိမ်း စောင့်ရှောက်သည့် စခန်းဖြစ်ပြီး နတ်ပေါက်ဆင်စခန်းတွင် ၀န်တင်ဆင်များ သီးသန့်ရှိသော စခန်းဖြစ်သည်။

ယင်းခရီးစဉ်အတွက် အစိုးရအား ဆင်စီးခမှာ ကျပ် ၅၀၀၀၀၊ ရက်အသုံးပြုသည့်အပေါ် မူတည်ကာ ဆင်နှင့် ဆင်ဦးစီး၊ ၀န်ထမ်းများအတွက် ကုန်ကျစရိတ် ပြန်လည်ကျခံရမည် ဖြစ်ကြောင်း သိရသည်။

ဆင်စခန်းအတွက် လျှပ်စစ်မီးရရှိရန် လိုအပ်နေပြီး ရေအတွက်ချောင်းကို အသုံပြုနေရကြောင်း ဆင်စခန်း တာဝန်ခံက ပြောကြားသည်။

ဖက်ဆွတ်ကြိုးဝိုင်းအတွင်း ပါဝင်သည့် နတ်ပေါက်ဆင်စခန်းကို ၂၀၀၉ ခုနှစ်မှစ၍ ဆင်များအား စတင်လေ့ကျင့် ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် နှစ်နှစ်အတွင်းမှ ခရီးသွားများ ၀င်ရောက်မှု များလာကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာနှင့် ဗန်းမောက်မြို့နယ်တို့အား ဟိုတယ်ခရီးမှ သွားလာခွင့် ပိတ်ထားသော်လည်း နယ်မြေအခြေအနေ စိုးရိမ်ရခြင်း မရှိသည့်အတွက် ပြန်လည်ဖွင့်ပေးပါက နိုင်ငံခြားခရီးသွား ပိုမိုဝင်ရောက်နိုင်ကြောင်း ခရီးသွား ၀င်ရောက်မှုနှင့်ပတ်သက်၍ ဒေါက်တာအောင်သူရစိုးက ပြောကြားသည်။

အဆိုပါ နတ်ပေါက်ဆင်စခန်းသို့ ရေကြောင်းဖြင့် လာမည်ဆိုပါက မန္တလေးမှ ကသာ၊ ကသာ-အင်းတော်လမ်းမှ ၁၁ မိုင်ခန့်သွား ရောက်ပါက နတ်ပေါက်ဆင်စခန်းသို့ ရောက်ရှိမည်ဖြစ်သည်။

Credit To >>> Eleven Media Group



0 comments:

Post a Comment