“နေတိုးက ခေတ်ကုန်သွားပြီ” ၊ “ဂျာမနီ ရဲ့ မာကယ်က ဘေးဒုက္ခကြီးဆိုက်စေမယ့် အမှားတစ်ရပ်ကို လုပ်ခဲ့တယ်” ၊ “ဗြိတိန် အီးယူက ထွက်တာကတော့ ဂရိတ်ပဲ” နှင့် “အမေရိကန်ဟာ ရုရှားနဲ့ အဆက်အဆံ လုပ်နိုင်တယ်” အစရှိသဖြင့် ဥရောပနှင့် ပတ်သက်သော ပြင်းထန်စွာဝေဖန်ချက်များကို ထရန့်က ဥရောပမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းများ၌ ဇန်န၀ါရီ ၁၅ ရက်တွင်ပြော ကြားခဲ့ကြောင်း သိရသည်။
ထရန့်သည် ၄၅ ဦးမြောက် အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ ငါးရက်အလိုတွင် ဗြိတိန်နိုင်ငံ၏ The Times သတင်းစာနှင့် ဂျာမနီနိုင်ငံ၏ Bild သတင်းစာတို့နှင့် တွေ့ဆုံမေးမြန်းခန်းများ၌ ဥရောပမဟာမိတ်များနှင့် ပတ်သက်၍ အငြင်းပွားဖွယ် မှတ်ချက်များစွာကို ပြောကြားခဲ့သည်။
ထရန့်က ဘာရက်အိုဘားမား လက်ထက်တွင် ရုရှား၏ ယူကရိန်းကိစ္စနှင့် ဆီးရီးယားစစ်ပွဲ၌ ပါဝင်ပတ်သက်မှုအပြင် အမေရိကန်ရွေးကောက်ပွဲကို သက်ရောက်စေသည့် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်မှုတို့ကြောင့် ပိတ်ဆို့မှုများ ဆက်တိုက်ပြုလုပ်ခံထားရသည့် ရုရှားနိုင်ငံကိုမူ လက်ကမ်းကြိုဆိုမှု ပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ ရုရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးအချို့ လုပ်နိုင်မလားဆိုတာ ကြည့်ကြပါစို့ ” ဟု ထရန့်က The Times နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသော ထရန့်က နျူကလီးယားလက်နက် လျှော့ချရေးနှင့် ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို လျှော့ချပေးရေးနှင့် ပတ်သက်သော သဘောတူညီချက် တစ်ရပ်ကို ရည်ညွှန်းခဲ့သော်လည်း အသေးစိတ် အချက်အလက်များ ပြောကြားခဲ့ခြင်း မရှိပေ။
“ရုရှားဟာ ပိတ်ဆို့မှုတွေကြောင့် အခုအရမ်းကို အထိနာနေပါပြီ။ ဒါပေမဲ့ လူတွေအများကြီး အကျိုးရှိလာမယ့် တစ်စုံတစ်ရာ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်အား လေးစားမှုပြခဲ့ဖူးသည့် ထရန့်က ပြောကြားခဲ့သည်။
အမေရိကန်၏ ဥရောပမဟာမိတ်များသည် ၂၀၁၄ ခုနှစ်၌ ယူကရိန်းကိစ္စနှင့် ပတ်သက်၍ ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ထားခဲ့ပြီး ယင်းပိတ်ဆို့မှုများကို ဒီဇင်ဘာ ၁၉ ရက်တွင် သက်တမ်းတိုးခဲ့သည်။
ယူကရိန်းကိစ္စ၌ ပါဝင်ပတ်သက်မှုနှင့် ခရိုင်းမီးယားကို ၎င်းတို့ပိုင်နက်အတွင်း သွတ်သွင်းခဲ့မှုတို့ပြီးနောက် ရုရှားနှင့်ပတ်သက်၍ တုန်လှုပ်နေသော အရှေ့ဥရောပ နေတိုးနိုင်ငံများအကြား နောက်ထပ်အံ့သြတုန်လှုပ်မှု ဖြစ်စေသည့် မှတ်ချက်အဖြစ် ထရန့်က “နေတိုးဟာ ခေတ်ကုန်နေပါပြီ” ဟု ပြောကြားခဲ့သည်။
“နေတိုးမှာ ပြဿနာတွေရှိနေတယ်လို့ ကျွန်တော် အစောကြီးကတည်းက ပြောခဲ့ပါတယ်” ဟု ထရန့်က လန်ဒန်အခြေစိုက် The Times သတင်းစာနှင့် ဂျာမနီနိုင်ငံ၏ အရောင်းရဆုံး နေ့စဉ်သတင်းစာဖြစ်သည့် Blid သို့ ပြောကြားခဲ့သည်။
“နံပါတ်-၁ အချက်က နေတိုးကို ဟိုးနှစ်တွေအကြာကြီး အကြာကြီးကတည်းက ဒီဇိုင်းဆွဲထားတာမို့ အခုခေတ်ကုန်နေပါပြီ။ နံပါတ်-၂ အချက် နိုင်ငံတွေက သူတို့ငွေကြေး ထည့်ဝင်မယ်လို့ ထင်ထားသလောက် ထည့်ဝင်နေတာ မဟုတ်ပါဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment