Thursday, May 2, 2013

ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြား

ရန်ကုန်-နှစ်နိုင်ငံသဘောတူညီမှုဖြင့်ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်နေသော အေဂျင်စီ၁၂ခုအားထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်ခြင်းဆိုင်းငံ့ထားရန်အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနကဧပြီ၂၅ရက်တွင် ညွှန်ကြားလိုက်သည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာဖြင့်ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်နေသော အေဂျင်စီများအနေဖြင့် စေလွှတ်ပြီးအလုပ်သမားများအားအမှန်တကယ်ကာကွယ်စောင့်ရှောက်ပေးနေခြင်းဟုတ်၊မဟုတ်စိစစ်ဆောင်ရွက်နေသောကာလအတွင်း အေဂျင်စီများမှအလုပ်ခေါ်စာများတင်ပြလာခြင်းကိုဆိုင်းငံ့ထားရန်အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“MOUနဲ့ပို့တဲ့လုပ်သားတော်တော်များများကအဆင်မပြေဘူး ဖြစ်နေတယ်။ တော်တော်များများပွဲစားအဆင့်ဆင့်ခံထားတဲ့အတွက်ကုန်ကျစရိတ်များတယ်။အလုပ်ကလည်း ပြောထားသလိုမဖြစ်တာများတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကူညီစောင့်ရှောက်ရေးကွန်ရက် မြန်မာပြည်တာဝန်ခံကိုကျော်ဇော်လင်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှMOUစနစ်ဖြင့် စေလွှတ်နေသော အေဂျင်စီအများစုမှာထိုင်းနိုင်ငံမှအလုပ်ရှင်နှင့်တိုက်ရိုက်ချိတ်ဆက်ထားသူအလွန်နည်းပါးပြီးပွဲစားများမှတစ်ဆင့် စေလွှတ်နေသဖြင့်တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက ဖြေရှင်းမပေးနိုင်ကြကြောင်းလည်းကိုကျော်ဇော်လင်းကဆိုသည်။

သက်ဆိုင်ရာကထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်ခွင့်ပြုထားသော အေဂျင်စီ၆၀ရှိသော်လည်းယခုရပ်ဆိုင်းခြင်းခံထားရသောကုမ္ပဏီ၁၂ခုကသာအများဆုံးပို့ဆောင်နေရကြောင်းသတင်းရရှိသည်။နှစ်နိုင်ငံသဘောတူညီမှုစနစ်ဖြင့်ထိုင်းနိုင်ငံသို့အလုပ်သမားစေလွှတ်ရာတွင် မြန်မာကျပ်ငွေတစ်သိန်းနှင့်ဘတ်ငွေတစ်သောင်းသာအကျိုးဆောင်ခယူရန်သတ်မှတ်ထားသည်။

နှစ်နိုင်ငံသဘောတူညီမှုဖြင့်၂၀၁၂ခုနှစ် အောက်တိုဘာမှစ၍ အေဂျင်စီ၆၂ခုအားနယ်စပ်စခန်းသုံးခုဖြစ်သော မြ၀တီ၊ ကော့သောင်းနှင့်တာချီလိတ်စခန်းများမှအလုပ်သမား စေလွှတ်ခွင့်ပြုခဲ့ပြီး၂၀၁၃ ဖေဖော်ဝါရီလလယ်ထိအလုပ်သမား၅၁၃၈၀ဦး စေလွှတ်နိုင်ခဲ့သည်။

0 comments:

Post a Comment