Friday, January 6, 2017

ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအား စစ်ဆေးရာမှ အကြမ်းဖက်လုပ်ငန်းများ ထပ်မံလုပ်ဆောင်မည့် အစီအစဉ်ကို သိရှိခဲ့ကြောင်း တပ်မတော်ထုတ်ပြန်

ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအား စစ်ဆေးရာမှ အကြမ်းဖက် လုပ်ငန်းများ ထပ်မံလုပ်ဆောင်မည့် အစီအစဉ်ကိုသိရှိခဲ့ကြောင်း ဇန်န၀ါရီ ၅ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့် ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှု သင်တန်းပို့ချသူနှင့် သင်တန်းတက်ရောက်ပြီးသူ လေးဦးကို လက်နက်များနှင့်အတူ ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင်ကျေးရွာ၌ ဇန်န၀ါရီ ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ထိန်းသိမ်းထားရှိပြီး အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်စပ်ပတ်သက်သည့် သတင်းဆက်များရ ရှိရေး စစ်ကြော ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက ဘူးသီးတောင်မြို့နယ် ဒါးပိုင်ဆရာကျေးရွာ၏ အနောက်ဘက်ရှိ တောင်ကုန်းတစ်ခုတွင် မောင်ကြီးတောင်ကျေးရွာ၊ ဒါးပိုင်ဆရာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီ ၃၀ ခန့်နှင့်အတူ အကြမ်းဖက်တိုက်ခိုက်ရေးသင်တန်းအား ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း၊ ၎င်းတို့အား တစ်ဖက်နိုင်ငံသားနှစ်ဦးက အကြမ်းဖက်တိုက်ခိုက်နည်း များ လေ့ကျင့်သင်ကြား ပြသပေးခဲ့ကြောင်း၊ သင်တန်းတွင် သေနတ်ပစ်ခတ်နည်းများနှင့် အခြေခံသိုင်းပညာများကို ချင်းသမားကျေးရွာအုပ်စု ပုလဲတောင်ကျေးရွာနေ မော်လ၀ီ အဒူရော်ဇောက် (ဘ) စိစစ်ဆဲနှင့် တစ်ဖက်နိုင်ငံသားနှစ်ဦးက သင်ကြားပြသပေးခဲ့ကြောင်း၊ အလားတူ အကြမ်းဖက်တိုက်ခိုက်နည်း သင်တန်းများကို မောင်တောမြို့နယ် ဂေါ်ဒူသာရကျေးရွာအနီး တောင်ခြေရှိ လယ်ကွင်းတွင် ဘင်္ဂါလီ ၁၅ ဦးခန့်နှင့် မောင်ကြီးတောင်ကျေးရွာ၏ အနောက် ဘက်တောင်ကြားတွင် ဘင်္ဂါလီ ၁၀ ဦးခန့် ဖြင့် ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက လည်းကောင်း၊ ဂေါ်ဒူသာရအရှေ့ကျေးရွာတွင် ဘင်္ဂါလီ ၁၀ ဦးခန့်နှင့် ဒါးပိုင်ဆရာကျေးရွာရှိ ဆူနာလီ (ဘ) အဘူကာဆိမ်း၏ ဥယျာဉ်ခြံဝန်း၌ ဘင်္ဂါလီငါးဦးခန့်တို့ဖြင့် ဇူလိုင်လ အတွင်းကလည်းကောင်း၊ ဆင်အိုးပြင်ကျေးရွာရှိ မာမက်ရှား (ဘ) အီဗရာဟိန်း၏ ဥယျာဉ်ခြံဝန်း၌ ဘင်္ဂါလီငါးဦးခန့်ဖြင့် နိုဝင်ဘာလ အတွင်းကလည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်း တက်ရောက်နေစဉ်အတွင်း တစ်ဖက်နိုင်ငံသားနှစ်ဦးနှင့် သင်တန်းတက်ရောက်သူ မောင်ကြီးတောင်ကျေးရွာနေ ဆာဒတ် (ဘ)မာတာမိန်တို့က လုပ်သေနတ်များ ပြုလုပ်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံသားနှစ်ဦးက သေနတ်ပြုလုပ်ရန် လိုအပ်သည့်အချက်အလက်များ တွက်ချက်ပေးပြီး သင်တန်း အတူတက်ရောက်သူ ဆာဒတ် (ဘ) မာတာမိန်နှင့် မာမောက်ရော်ရှီး (ဘ) မာမောက် ကာဆိန်းတို့နှစ်ဦးက လိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ဘူးသီးတောင်မြို့ အမှတ်(၂) ရပ်ကွက်ရှိ ဆန်းသစ် စက်မှုလုပ်ငန်းသို့ သွားရောက်ဝယ်ယူခဲ့ကြောင်းနှင့် ဆာဒတ်၊ ကူမူရူးနှင့် တစ်ဖက်နိုင်ငံသားနှစ်ဦးတို့က လုပ်သေနတ်များကို တပ်ဆင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း မောင်ကြီးတောင်ကျေးရွာသား မာမောက်ရှော (ဘ) စိစစ်ဆဲနှင့် ဇော်တူလာယူစွပ် (ဘ) စိစစ်ဆဲတို့နှစ်ဦးသည် တစ်ဖက်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းမှ နယ်စပ် (စိစစ်ဆဲ) နေရာကို ဖြတ်ကျော်ကာ ကြိမ်ချောင်း-ဂုတ်ပိတောင် ကျော်လမ်းကြောင်းမှတစ်ဆင့် မောင်ကြီး တောင်ကျေးရွာရှိ မာမတ်ကာယာ (ဘ) အာ မီရော်တီထံသို့ လုပ်သေနတ် ၁၆ လက်ခန့် လာရောက်ပို့ဆောင်ခဲ့ပြီး မောင်ကြီးတောင် ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ လူငယ်များအား စုစည်းထားရှိရန်၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်ခန့်တွင် တစ်ဖက် နိုင်ငံမှတစ်ဆင့် အကြမ်းဖက်သောင်းကျန်း သူ ၁၀၀ ဦးခန့်သည် လက်နက်များကိုယ်စီ ကိုင်ဆောင်ပြီး လာရောက်မည်ဖြစ်ကြောင်း၊ ၎င်းအဖွဲ့များ ၀င်ရောက်လာပါက စားဝတ်နေရေးအတွက် မာမတ်ကာယာ၊ မာမတ်ရှား နှင့် လာလူးတို့က တာဝန်ယူပေးရမည်ဖြစ်ကြောင်း၊ ဘူးသီးတောင်ရှိ တပ်၊ စခန်းများကို လူတိုင်း လက်နက်ကိုင်ဆောင်ပြီး ၀င်ရောက် စီးနင်း တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောကြားကာ တစ်ဖက်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း၊ ၎င်းတို့အဖွဲ့အား ငွေကြေးထောက်ပံ့နေသူမှာ မောင်ကြီးတောင်ကျေးရွာ တာဝန်ခံ မာမတ်ရှား (ဘ) အီဗြာဟိန်းဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment