Tuesday, May 14, 2013

ဒါပုံ ကျူးကျော်မြေကွက်လျှောက်သူများ ငွေယူပြီး ပါတီကတ်ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ယမုံနာ (၁)ရပ်ကွက်နှင့် (၂)ရပ်ကွက်ရှိ မြေကွက် လျှောက်ထားလိုသည့် ကျူးကျော် နေထိုင်သူများကို ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေးပါတီဝင်များက ငွေကြေးယူကာ ပါတီ ဝင်ကတ်များ ထုတ်ပေးကြောင်း ယင်းရပ်ကွက် အတွင်း နေထိုင်သူများက ပြောကြားသည်။

မြေလျှောက်ထားသူများသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဝင် ကတ်များကို ရရှိကြောင်း၊ ယင်းကတ်ပေါ်တွင် မြေကွက်လျှောက်ထားမှုနှင့် သက်ဆိုင်သည့် မည်သည့်အချက်အလက်မှ မပါရှိ ကြောင်း ရပ်ကွက်နေသူများက ပြောကြား သည်။

"လျှောက်တဲ့လူ အကုန်လုံး ဒီကတ်ကိုရပါတယ်။ မြေကွက်ပေးမယ့်လူက ဘယ်ကလူတွေ လဲတော့ မသိဘူး။ နေစရာ မရှိလို့ လျှောက်တာပါ။ ကလေးတွေများ တော့ အိမ်ရှင်တွေက သိပ်မငှား ချင်ကြဘူး" ဟု မြေကွက်လျှောက်ထားသော ယမုံနာ (၁) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။

အဆိုပါ ပါတီက ကျူးကျော် နေထိုင်သူများကို မြေကွက်လျှောက်ပေးမည် ဆိုသဖြင့် ယင်းရပ်ကွက်အတွင်း နေထိုင်သူ ကျူးကျော် အများစုက မြေကွက်လျှောက် ထားကြောင်း၊ လျှောက်လွှာအတွက် ငွေကျပ် ငါးထောင်ခန့် ကုန်ကျကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

"သီလဝါတို့၊ ဒဂုံတို့ဘက်မှာ ပေးမယ်လို့လည်း ကြားတယ်။ အစ်မတို့ဆို မြေကွက်လျှောက်လို့ ရမှန်းတောင် မသိလိုက်ဘူး" ဟု မြေကွက်လျှောက်ခွင့် မရ သည့် ဒေါ်သန္တာချိုက ဆိုသည်။
မြေကွက်များကို ဧပြီလ နောက်ဆုံး ပတ်ခန့်မှ စတင်၍ အမှတ် (၁)ရပ်ကွက်ရှိ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီဝင် ဦးမြင့်ဇော်ထံ လျှောက်ထားခဲ့ကြကြောင်း မြေကွက် လျှောက်ထားသူတို့က တူညီစွာ ပြောဆိုကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သိရှိနိုင်စေရန် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က ဦးမြင့်ဇော် နေအိမ်တွင် တစ်နာရီကျော်ကြာ သွားရောက် စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ပေ။

မြေကွက်လျှောက်ထားသူ များကို ပါတီဝင်ကတ် ထုတ်ပေးခြင်းမှာ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ သဘောထားမဟုတ်ဘဲ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (ရန်ကုန် တိုင်းဒေသကြီး)၏ လုပ်ဆောင်ချက်သာ ဖြစ်ပြီး စည်းရုံးရေး လုပ်ငန်းစဉ်များနှင့် ရောထွေးသွားခြင်း ဖြစ်သောကြောင့် ဆက်မလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။
"ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အနေနဲ့ အာမခံပြီး ပြောရဲတာက မြေကွက် ကိစ္စအတွက် ဆိုပြီး ဘယ်ရွေ့ဘယ်မျှ ပိုက်ဆံ ကောက်ပါလို့ မပြောခဲ့ပါဘူး။ ငွေကြေး တစ်စုံတစ်ရာ ကောက်ခံတာမျိုး လုံးဝမရှိပါဘူး" ဟု ၄င်းကဆိုသည်။

ကျူးကျော်အများစု နေထိုင်သော ယမုံနာ (၁) ရပ်ကွက်နှင့် (၂)ရပ်ကွက် အတွင်း အိမ်လခမှာ စပေါ်ငွေ ကျပ်နှစ်သိန်း ပေါက်ဈေးရှိပြီး အိမ်လခမှာ တစ်လ ကျပ် နှစ်သောင်းမှ ကျပ်သုံးသောင်းအထိ ရှိကြောင်း ယင်းရပ်ကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment