Wednesday, December 14, 2016

F-35 တိုက်လေယာဉ် စီမံကိန်းကို ထရမ့် ဝေဖန်

အမေရိကန်၏ တန်ဖိုးအကြီးဆုံး လက်နက်စီမံကိန်းအဖြစ် လူသိများသော F-35 ကိုယ်ပျောက် တိုက်လေယာဉ်များနှင့် ပတ်သက်၍ ဒေါ်နယ်လ်ထရမ့်က မေးခွန်းထုတ် ဝေဖန်လိုက်သည်။

တစ်စီးလျှင် ဒေါ်လာ သန်းပေါင်း ရာနှင့်ချီ တန်ကြေးရှိသည့် F-35များကို Lockheed Martin ကုမ္ပဏီထံမှ အမေရိကန်နှင့် မဟာမိတ် နိုင်ငံအချို့က မှာယူထားသည်။ ဒီဇင်ဘာ ၁၂ ရက်တွင် အစ္စရေးသည် ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ် နှစ်စီးကို လက်ခံရရှိခဲ့ပြီး အမေရိကန် ပြင်ပတွင် F-35များ ပထမဆုံး အသုံးပြုခွင့်ရသည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့သော်လည်း အဆိုပါ တိုက်လေယာဉ် နှစ်စီးကို လွှဲပြောင်းယူသည့် အခမ်းအနားကို နာရီ အတန်ကြာ ဆိုင်းငံ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် F-35များသည် ရာသီဥတု ဆိုးရွားနေချိန်တွင် ပျံသန်းနိုင်စွမ်း မရှိသေး၍ ဖြစ်သည်။ F-35 စီမံကိန်းသည် စတင်ချိန်ကတည်းက ဝေဖန်လောက်စရာ ပြဿနာ အမျိုးမျိုးနှင့်လည်း ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။
ထရမ့်က F-35များနှင့် ပတ်သက်၍ “F-35 စီမံကိန်းဟာ အထိန်းအကွပ်မဲ့ ဖြစ်နေတယ်။ ဒီဇင်ဘာ ၂၀ နောက်ပိုင်း (၎င်းသမ္မတအဖြစ် တာဝန်ယူချိန်)မှာဆိုရင် စစ်တပ်က ဒေါ်လာ ဘီလီယံနဲ့ချီပြီး အကုန်အကျ သက်သာလာတာမျိုး ဖြစ်နိုင်တယ်”ဟု Twitterတွင် ရေးသားခဲ့သည်။ ယင်းမှတ်ချက်နှင့် ပတ်သက်၍ Lockheed Martin၏ ရှယ်ယာတန်ဖိုးများ ကျဆင်းခဲ့ပြီး ကုမ္ပဏီအနေဖြင့် ဒေါ်လာ ၄ ဘီလီယံမျှ အဆုံးအရှုံး ကြုံနိုင်ကြောင်း လေ့လာသူများက ဆိုသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာကမူ အစ္စရေးတွင် F-35များ တာဝန်စတင် ထမ်းဆောင်မည့် အခြေအနေကို ကြိုဆိုခဲ့ပြီး ယင်းသည် အစ္စရေး လေတပ်အတွက် ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည် အမြင့်ဆုံး တိုက်လေယာဉ်များကို ပိုင်ဆိုင်လာသည့် သမိုင်းဝင် အခိုက်အတန့် တစ်ခုဟု ညွှန်းဆို ပြောကြားသွားသည်။ 
“အစ္စရေးရဲ့ လုံခြုံရေးကို အမေရိကန်က အလေးထားကြောင်း သက်သေပြမှုဟာ F-35တွေ လက်လွှဲ ရောင်းချပေးတာထက် ပိုကောင်းတဲ့ သင်္ကေတမျိုး မရှိနိုင်ပါဘူး”ဟု ကာတာက ဆိုသည်။ အမေရိကန်သည် လေတပ်နှင့် ရေတပ်အတွက် F-35များကို မှာယူထားရာ စာချုပ်တန်ကြေး ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် ကျသင့်သောကြောင့် သမိုင်းတလျှောက် တန်ဖိုးအမြင့်ဆုံး စစ်လက်နက် စာချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment