Thursday, December 15, 2016

အာဆီယံ-ဂျပန် ဆက်ဆံရေးထူထောင်မှု နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်တွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့ ခရီးစဉ်ဒေသတစ်ခုအဖြစ် ပူးပေါင်းမြှင့်တင်မည်

No automatic alt text available.
No automatic alt text available.
အာဆီယံအဖွဲ့ကြီးနှင့် ဂျပန်နိုင်ငံတို့ ဆက်ဆံ ရေးထူထောင်မှု နှစ်ငါးဆယ်ပြည့်အထိမ်း အမှတ်တွင် မိတ်ဖက်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဂျပန်နိုင်ငံ၏ ခရီးသွားကဏ္ဍကို အပြန်အလှန် ပူးပေါင်းမြှင့်တင်သွားမည်ဖြစ်ပြီး အာဆီယံ+ဂျပန် ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ အာဆီယံဒေသ မူဝါဒရေးရာဌာနမှ Mr. Kentaro Yamane က ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ကို ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနှင့် ဂျပန်နိုင်ငံ၏ ဆက်ဆံရေးထူထောင်မှုကို ၁၉၇၃ ခုနှစ်တွင် စတင်ခဲ့သည့်အတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် သက်တမ်းအရင့်ဆုံး မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပြီး အာဆီယံနှင့် တန်းတူညီမျှပူးပေါင်း ဆောင်ရွက်ခဲ့သည့် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ယင်းအပြင် ဂျပန်နိုင်ငံအနေဖြင့် အာဆီယံဒေသတွင် ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လာမည့်အာဆီယံ-ဂျပန် ဆက်ဆံရေးထူထောင်မှု နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ခရီးသွားကဏ္ဍတွင် ခရီးစဉ်ဒေသတစ်ခု One Destination အဖြစ် ဆောင်ရွက်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။
''အာဆီယံနဲ့ ဂျပန်နိုင်ငံတို့ဟာ ရှည်လျားတဲ့ ဆက်ဆံရေးရှိခဲ့ပြီး သက်တမ်းအရင့်ဆုံး မိတ်ဖက်နိုင်ငံတွေလည်းဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်ကတည်းက အာဆီယံ-ဂျပန် ချမှတ်ကြေညာခဲ့တဲ့ အခြေခံလမ်းစဉ်သုံးခုအတိုင်း ယနေ့တိုင် ပူးပေါင်းဆောင်ရွက်လာခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ ဂျပန်နိုင်ငံဟာ အာဆီယံဒေသမှ ဒုတိယအများ ဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အာဆီယံ-ဂျပန် အပြန်အလှန် ခရီးသွားလာမှုတွေ တိုးတက်မြင့်မားလာနေပြီး နှစ်ငါးဆယ်ပြည့်တော့မယ့် အာဆီယံ-ဂျပန် ဆက်ဆံရေးထူထောင်မှုအနေနဲ့ ခရီးစဉ်ဒေသ တစ်ခုအဖြစ်ဆောင်ရွက်သွားဖို့ မျှော်မှန်းထားပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။
အာဆီယံဒေသအတွင်းသို့ ဂျပန်နိုင်ငံမှ လာရောက်လည်ပတ်မှုသည် အခြားသောနိုင်ငံများသို့ သွားရောက်မှုထက် မြင့်မားခဲ့ပြီး ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ခရီးသွား ဧည့်သည်များ အာဆီယံဒေသတွင်းသို့ လာရောက်လည်ပတ်မှုမှာ ၄ ဒသမ ၆၅ သန်း ရှိခဲ့ကြောင်း သိရသည်။ အလားတူ အာဆီယံ ဒေသတွင်းနိုင်ငံများမှလည်း ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်မှုတွင် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် စာရင်းများအရ ၂ ဒသမ ၁ သန်း အထိရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် သုည ဒသမ ၇ သန်းသာရှိခဲ့ရာမှ တိုးတက်မြင့်မားလာခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရ ခရီးသွားဗျူရိုမှ စာရင်းများအရ သိရသည်။
ဂျပန်နိုင်ငံအနေဖြင့် ခရီးသွားကဏ္ဍအပါအဝင် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဥရောပသမဂ္ဂ ပြီးနောက် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် မိတ်ဖက် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံနှင့်လည်း ပူးပေါင်းဆောင်ရွက်မှု ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း၊ ရန်ကုန်မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း၊ မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံ ကိန်းများနှင့် ဆင်းရဲမှုတိုက်ဖျက်ရေးအစီအစဉ်များ၊ ခရီးသွားကဏ္ဍအဆင့်မြှင့်တင်ရေးစီမံ ကိန်းများအပါအဝင် ပြန်လည်ပေးဆပ်ရန် မလိုသော ပံ့ပိုးမှုများ၊ အတိုးမဲ့ချေးငွေများ၊ အတိုးနှုန်းအထူးသက်သာသော ချေးငွေများ၊ လူ့စွမ်းအားမြှင့်တင်မှုကဏ္ဍတွင် နည်းပညာ ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် နည်းပညာ လွှဲပြောင်းပေးအပ်မှုများကို အစိုးရကဏ္ဍသာမက ပုဂ္ဂလိကကဏ္ဍမှလည်း အလုံးအရင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ JICA မြန်မာမှ Chief Representative Mr.Keiichiro Nakazawa က မှတ်ချက်ပြုပြောကြားထားသည်။
ဂျပန်နိုင်ငံအနေဖြင့် ၂ဝ၁၅ ရွေးကောက် ပွဲအလွန်ကာလတွင် မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာဆက်ဆံလာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ ခရီးသွားကဏ္ဍတို့တွင် ပိုမိုတိုးမြှင့် ဆောင်ရွက်လာခဲ့သည်။ ယင်းအပြင် ပြီးခဲ့ သည့်လအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်အပြီးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခဲ့ပြီး ယခင်က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုသာ ပေးခဲ့ရာမှ ယခုတွင် အလုံးအရင်းဖြင့် ကူညီမှုများ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။
အလားတူ အာဆီယံဒေသသည် ဂျပန်နိုင်ငံအတွက် အရေးပါသောဒေသ တစ်ခုအဖြစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တို့တွင်မြှင့်တင်လျက်ရှိပြီး အာဆီယံနိုင်ငံချင်း ဆက်သွယ်လျက်ရှိသည့် အခြေခံအဆောက် အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ အကြားဒေသဖြစ်သည့် အချက်အချာ အာဆီယံနိုင်ငံများအကြား ချိတ်ဆက်ဆောင် ရွက်မည့် အရှေ့အနောက် စီးပွားရေးစင်္ကြံ East-West Economic Corridor ၊ တောင်ပိုင်းစီးပွားရေးစင်္ကြံ Southern Economic Corridor တို့အတွက်ကိုလည်း ပူးပေါင်းပံ့ပိုးဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment