Friday, December 16, 2016

မြန်မာနိုင်ငံ၏ ပြည်တွင်းကြွေးမြီတွင် ဗဟိုဘဏ်မှ အတိုးနှုန်း လေးရာခိုင်နှုန်းဖြင့် ဖြည့်ဆည်းထားသော အစိုးရငွေတိုက် လက်မှတ်များ အဓိကပါဝင်

မြန်မာနိုင်ငံ၏ ပြည်တွင်းကြွေးမြီတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အတိုးနှုန်း လေးရာခိုင်နှုန်းဖြင့် ဖြည့်ဆည်းထားသော အစိုးရငွေတိုက် လက်မှတ်များ အဓိကပါဝင်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသည့် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာတွင် ဖော်ပြထားချက်အရ သိရသည်။


အဆိုပါ မဟာဗျူဟာတွင် ဖော်ပြထားချက်အရ ပြည်တွင်းကြွေးမြီ၏ ဖွဲ့စည်းပုံကိုကြည့်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အတိုးနှုန်း လေးရာခိုင်နှုန်းဖြင့် ဖြည့်ဆည်းထားသော အစိုးရငွေတိုက် လက်မှတ်များ အဓိကပါဝင်ပြီး ပြည်တွင်းကြွေးမြီ စုစုပေါင်း၏ ၇၈ ရာခိုင်နှုန်းကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ထုတ်ရောင်းခဲ့သည့် အစိုးရငွေတိုက် လက်မှတ်များမှာ သက်တမ်းသုံးလသာရှိပြီး သက်တမ်းစေ့သော်လည်း အားလုံးကို ပြန်လည်ရွေးနုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ သီးခြားအဖွဲ့အစည်းအဖြစ် ရပ်တည်နေပြီဖြစ်သဖြင့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် သို့မဟုတ် ၀င်ငွေက အသုံးစရိတ်ထက် လျော့နည်းနေပါက အသုံးစရိတ်များ ကျခံသုံးစွဲနိုင်ရန် အစိုးရသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူခြင်းအား အချိန်ကြာမြင့်စွာ မဆောင်ရွက်သင့်ကြောင်း အဆိုပါမဟာဗျူဟာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူခြင်းဖြင့် လိုငွေဖြည့်ဆည်းခြင်းအား လျှော့ချနိုင်ရန်နှင့် ပြည်တွင်းငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် ဈေးကွက်ကိုအခြေခံသည့် အစိုးရငွေချေး သက်သေခံလက်မှတ်စနစ်သို့  ပြောင်းလဲသည့်အစီအစဉ် တစ်နည်းအားဖြင့် အစိုးရငွေချေး သက်သေခံလက်မှတ်အား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းကြွေးမြီတွင် ဗဟိုဘဏ်မှ ငွေချေးယူခြင်း၊ ငွေတိုက်လက်မှတ်အား လေလံစနစ်ဖြင့် ရောင်းချခြင်း၊ ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်ကုန်အထိ အစိုးရ၏ ပြည်တွင်းကြွေးမြီမှာ ဒေါ်လာ ၁၀၆၄၉ သန်းရှိပြီး ယင်းပမာဏတွင် ဗဟိုဘဏ်မှ ငွေချေးယူခြင်း ဒေါ်လာ ၈၂၆၃ ဒသမ ၇ သန်း၊ ငွေတိုက်လက်မှတ်အား လေလံစနစ်ဖြင့် ရောင်းချခြင်းမှ ဒေါ်လာ ၂၁၃ ဒသမ ၂ သန်း၊ ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်းမှ ဒေါ်လာ ၂၁၇၂ ဒသမ ၁ သန်း ပါဝင်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က သတ်မှတ်ထားသည့် နိုင်ငံ၏မူဝါဒနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်အားတိုင်းတာသည့် (Country Policy and Institutional Assessment - CPIA) Score အရ အလယ်အလတ်အဆင့် ၀င်ငွေနည်းပါးသည့် နိုင်ငံအတွက် စံသတ်မှတ်ချက်မှာ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးရာခိုင်နှုန်း ၃၀ ထက် မကျော်လွန်သင့်ကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၃၈ ရာခိုင်နှုန်းထက် မကျော်လွန်သင့်ကြောင်း တွေ့ရသည်ဟု ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းချေးငွေရယူခြင်းအား တဖြည်းဖြည်း လျှော့ချသွားမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပွေးကးမြီနှင့် ဂျီဒီပီအချိုးအား ရာခိုင်နှုန်း ၄၀ ထက်မကျော်လွန်ရန် လည်းကောင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးအား ရာခိုင်နှုန်း ၃၀ ထက် မကျော်လွန်ရန်လည်းကောင်း ညှိနှိုင်းထိန်းသိမ်း ဆောင်ရွက်သွားမည်ဟု သိရသည်။
Credit To >>>Eleven Media group

0 comments:

Post a Comment