Thursday, December 8, 2016

သဘာဝအရင်းအမြစ်များ အခြေပြုခရီးသွားဒေသအဖြစ် အင်းတော်မြို့နယ်ရှိ နတ်ပေါက် ဆင်စခန်းအား စတင် ဖော်ဆောင်မည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကသာ(အနောက်) သစ်ထုတ်လုပ်ရေးဒေသရှိ နတ်ပေါက်ဆင်စခန်းကို ယခုနှစ်ခရီးသွားရာသီမှစတင်၍ သဘာဝအရင်းအမြစ်မျာအခြေပြု ခရီးသွားဒေသ (Ecotourism)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစခန်းကို ဆင်စခန်းအဖြစ် ၂ဝဝ၅ ခုနှစ်ကစတင်ခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှစ၍ ဆင်ပေါက်ကလေးများအား လေ့ကျင့်သင်ကြားပြီး နိုင်ငံခြားသားခရီးသွားများကို ပြသပေးခဲ့ရာမှ စိတ်ဝင်စားမှုများပြားလာခြင်းကြောင့် (Eco-tourism) ခရီးစဉ်ဒေသသစ်အဖြစ် ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ခံ ဒေါက်တာ အောင်သူရစိုးက ပြောသည်။

''ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပြီး ခရီးသွားလုပ်ငန်းဘက်က ဝင်ငွေရလာမယ်။ အဓိက Elephant Camp ကနေEcotourism ကို သွားတာပါ။ ဆင်ထိန်းသိမ်းရေးစခန်းကနေသဘာဝအခြေခံတွေကို အသုံးပြုပြီး ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်တာဖြစ်ပါတယ်'' ဟု ၄င်းကဆက်လက်ပြောသည်။

အဆိုပါဆင်စန်းသို့ ၂ဝဝ၉ ခုနှစ်တွင် နိုင်ငံခြားသား ၁၂၆ ဦး စတင်ရောက်ရှိလာပြီး၂ဝ၁ဝ-၁၁ တွင် ၂၄ဝ၊ ၂ဝ၁၁-၁၂ တွင် ၃၁၅ ဦး၊ ၂ဝ၁၂-၁၃ တွင် ၅၁၆ ဦး လာရောက်ခဲ့ပြီး တဖြည်းဖြည်း တိုးတက်မှုရှိလာကြောင်း၊ ဝန်ဆောင်မှုများအဖြစ် ဆင်ဝိုင်း ၃-ဝိုင်းမှ ဆင်အကောင်ရေ ၂၇ ကောင်ဖြင့် ဆင်တို့၏သဘာဝကို ပြသနေကြောင်း သိရသည်။

''ဧည့်သည်တွေလာရင် ပထမဆုံး ဆင်တွေနဲ့ တန်းစီကြိုဆိုပြီး ဆင်အကြောင်းရှင်းပြမယ်။ နိုင်ငံခြားဧည်သည်တွေက ဆင်ပေါက်ကလေး တွေကို အစာကျွေးတာ စိတ်ဝင်စားကြတယ်။ ပြီးရင် ကလေးတွေနဲ့ ဆင်အမေတွေကို ရေချပြတဲ့အခါ ၁ဝ မိနစ်ကျော်ကြာတယ်'' ဟု ဆက်လက်ပြောကြားသည်။ လာရောက်ကြသည့် ဧည့်သည်များအနေဖြင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ ဆင်များကိုစောင့်ရှောက်သည့် ဥဒေနနတ်ကို စခန်းမှဆင်များက ဦးခိုက်ခြင်း၊ သန်မာသောဆင်များဖြင့် သစ်ဆွဲခြင်းနှင့် သစ်ထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ပြသပေးပြီး အမှတ်တရဓာတ်ပုံရိုက်နိုင်ကြောင်း သိရသည်။
ယင်းအပြင် ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်းခရီးသည်တစ်ဦးလျှင် ကျပ် ၃ဝဝဝ နှင့် ပြည်ပခရီးသည်တစ်ဦးလျှင် ကျပ်

၂ဝဝဝဝ သတ်မှတ်ထားပြီး ဆင်စီးလိုပါက ပြည်တွင်းခရီးသည်တစ်ဦးလျှင် ကျပ် ၃ဝဝဝ နှင့် ပြည်ပ
ခရီးသည်တစ်ဦးလျှင် ကျပ် ၂ဝဝဝဝ ဖြစ်ကြောင်းသိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment