Wednesday, December 7, 2016

"နမ့်ခမ်းမြို့တွင်းတွင် ယမန်နေ့ညက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ "

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုဖြစ်စဉ်နောက်ပိုင်းတွင် နမ့်ခမ်းမြို့၌ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်) ညက ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။
နမ့်ခမ်းမြို့သည် မူဆယ်မြို့နှင့် ကပ်လျှက်ရှိနေပြီး ကုန်သွယ်ေ၇းဇုန် တိုက်ခိုက်ခံခဲ့ရသော နိုဝင်ဘာလ ၂၀ ရက်မှ စကာ မူဆယ်မြို့နယ် ပတ်ဝန်းကျင်ဒေသများတွင် ပစ်ခတ်မှုများ ဖြစ်ခဲ့သော်လည်း နမ့်ခမ်းမြို့တွင် ပစ်ခတ်မှုမရှိခဲ့ဟု ဒေသခံများက ပြောသည်။ နမ့်ခမ်းမြို့တွင် တပ်မတော်လုံခြုံရေးယူထားသော ဒေသအခေါ် စခန်းသစ်နေရာအား ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီအချိန်ခန့်တွင် လက်နက်ကိုင်အဖွဲ့အချို့က လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း မူဆယ် ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၁၅ မိနစ်ကြာခန့် နှစ်ဖက် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။
" ၁၀၅ မိုင် ဖြစ်စဉ်နောက်ပိုင်း နမ့်ခမ်းမှာ ပစ်ခတ်မှု မရှိခဲ့ဘူးဗျ။ အခုက ဒီဖက်(နမ့်ခမ်း)မှာ လာဖြစ်တယ်ဆိုတော့ ကြောက်နေရတယ်။ အပြင်ထွက်ဖို့တောင် မရဲဘူးဖြစ်နေတယ်" ဟု ဒေသခံ ဦးအိုက်စိုင်းက ပြောသည်။
နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာ ရသူ မရှိကြောင်း နမ့်ခမ်းမြို့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment