Wednesday, December 21, 2016

အမေရိကန်ထံမှ သိမ်းယူထားသည့် ရေအောက် စူးစမ်းလေ့လာရေး ဒရုန်းကို တရုတ်ပြန်ပေး

တောင်တရုတ်ပင်လယ်တွင် တရုတ်ရေတပ်က ကြားဖြတ် သိမ်းယူခဲ့သည့် အမေရိကန် ရေအောက်ထောက်လှမ်းရေး ဒရုန်းကို ပြန်လည် ပေးအပ်လိုက်ကြောင်း သိရသည်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က နှစ်နိုင်ငံ ဆွေးနွေးမှုများ အပြီးတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အသိမ်းခံရသည့် ရေအောက် စူးစမ်းလေ့လာရေး မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ် ဒရုန်းကို ပြန်လည် ရရှိခဲ့ပြီဟု အတည်ပြုခဲ့သည်။
ထိုအချိန်က အမေရိကန် ရေတပ် သင်္ဘောတစ်စီးက တောင်တရုတ်ပင်လယ်တွင် စေလွှတ်ထားသည့် ဒရုန်းနှစ်စီးကို ပြန်လည် ဆယ်ယူနေချိန်၌ တရုတ်ရေတပ်က ဒရုန်းတစ်စီးကို ကြားဖြတ် သိမ်းယူသွားခြင်း ဖြစ်သည်။ အမေရိကန်က ဒရုန်းသည် ဆူဘစ်ပင်လယ်ကွေ့ မြောက်ဘက် ၉၂ ကီလိုမီတာအကွာ နိုင်ငံတကာ ရေပြင်တွင် ရှိနေကြောင်း ဆိုသည်။
တရုတ်က အမေရိကန်၏ ရေအောက် ဒရုန်းသည် ၎င်းတို့၏ တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို သူလျှိုပြု ထောက်လှမ်းနေသည်ဟု ယူဆဟန် ရှိသည်။ အမေရိကန်က မိမိတို့သည် တောင်ရုတ်ပင်လယ်အတွင်း နိုင်ငံတကာ ဥပဒေများနှင့်အညီ လွတ်လပ်စွာ ခုတ်မောင်းခြင်း၊ ပျံသန်းခြင်းတို့ကို ပြုလုပ်နေမည်ဟု ကြေညာထားရာ တောင်တရုတ်ပင်လယ်ကို ၎င်းတို့ ရေပိုင်နက်အဖြစ် သတ်မှတ် ထိန်းချုပ်လိုသည့် တရုတ်နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိသည်။
ယခုအခါတွင်မူ ရေအောက် သုတေသန သင်္ဘော USNS Bowditchထံမှ တရုတ်ရေတပ်က ကြားဖြတ် သိမ်းယူသွားသော ဒရုန်းကို နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရှေ့ရှုပြီး အမေရိကန်ထံ ပြန်လည် ပေးအပ်လိုက်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသလို ပင်တဂွန်ကလည်း ယင်းသတင်းကို အတည်ပြုခဲ့သည်။
အမေရိကန်က အဆိုပါ ဒရုန်းသည် သူလျှိုလုပ်ငန်းအတွက် မဟုတ်ဘဲ ရေအောက် သုတေသန ပုံရိပ်များကို စုဆောင်းရန်သာ ရည်ရွယ်ထားကြောင်း ဆိုသည်။ ယခုဖြစ်ရပ်သည် တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုကို ထင်ဟပ်စေသည့် နောက်ထပ် အကြောင်းတရား တစ်ခုလည်း ဖြစ်လာခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment