Wednesday, December 21, 2016

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ တာချီလိတ်နယ်စပ် ၀င်ပေါက်၊ ထွက်ပေါက်မှ ထိုင်း၊ တရုတ်နိုင်ငံသားနှင့် တတိယနိုင်ငံသား ခရီးသွားလေးသောင်းကျော် လာရောက်လည်ပတ်

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ တာချီလိတ်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်မှ ထိုင်း၊ တရုတ်နိုင်ငံသားနှင့် တတိယနိုင်ငံသား ခရီးသွားလေးသောင်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။

ထိုင်း၊ တရုတ်နိုင်ငံသားများ၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံသားများမှလွဲ၍ ကျန်နိုင်ငံသားများအား တတိယ နိုင်ငံသားများဟုခေါ်ဆိုပြီး ယင်းတတိယ နိုင်ငံသားအများစုပါဝင်သည့် နိုင်ငံခြားခရီးသွား ၂၂၉၈၂ ဦးတို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့တွင်းရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသားကျေးရွာ၊ အာခါဈေးနှင့် တရုတ်ဘုံကျောင်းသို့ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။


ထို့ပြင် ထိုင်းနှင့်တရုတ်နိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားခရီးသွား ၇၈၇၃ ဦးသည် မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်သို့ လည်းကောင်း၊ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် ခရီးသွား ၃၁၁၆ ဦးသည် မိုင်းလားခရီးစဉ် သို့လည်းကောင်း၊ ထိုင်း၊ တရုတ်နိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သည့် ခရီးသွား ၉၆၀၂ ဦးသည် တာချီလိတ်မှတစ်ဆင့် တောင်ကြီး၊ အင်းလေး၊ ပုဂံ၊ မန္တလေး၊ ကျိုက်ထီးရိုးနှင့် ရန်ကုန် စသည့် ပြည်တွင်းခရီးစဉ် ဒေသများသို့ လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၁၂ ရက်တွင် Marvellous Memory Travels & Tours Co., Ltd မှ စီစဉ်ဆောင်ရွက်မှုဖြင့် မလေးရှားနိုင်ငံသား ၄၃ ဦးသည် ကိုယ်ပိုင်မော်တော်ယာဉ် ၁၅ စီးဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ၀င်ရောက်လာပြီး ခွင့်ပြုခရီးစဉ်များဖြစ်သည့် တာချီလိတ်၊ ကျိုင်းတုံ၊ အင်းလေး၊ မန္တလေး၊ ပုဂံ၊ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြ၀တီမြို့များသို့ သွားရောက်လည်ပတ်ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် မြ၀တီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

နယ်စပ်ဖြတ်ကျော် ခရီးစဉ်ဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားများအနေဖြင့် မိုင်းဖြတ်မြို့ရှိ ဈေးတန်းကြီးဘုရား၊ မြတ်စွာဘုရား ခြေတော်ရာစေတီ၊ ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခိုကျောင်း၊ ၀တ်အင်းကျောင်း၊ စွန်တောင်စေတီ၊ ဓာတ်ကျမ်ဆရီ၊ ရမ်းထုန်းကျောင်း၊ ပါထန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ စသည့် နေရာများသို့ အများဆုံးလာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ လာရောက်စေရန် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွားကုမ္ပဏီတို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ နယ်မြေဒေသအသီးသီးရှိ အထင်ကရ ခရီးစဉ်နေရာများ၊ ဒေသတစ် ခုနှင့်တစ်ခု ကွဲပြားခြားနားသည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့စရိုက်များနှင့် လူနေမှုဘ၀ပုံစံများကို ကိုယ်တိုင်လေ့လာ သိရှိနိုင်စေရန်အတွက် အဆက်မပြတ် လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment