Thursday, October 20, 2016

နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ပေးထား နေရပ်ပြန်မည်ဆိုပါက အဆင်ပြေချောမွေ့စွာပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၁ဝ နာရီတွင် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စစ်တွေမြို့ရှိ နိုင်ငံရေး ပါတီများနှင့် လူမှုကွန်ရက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ထား ရှိမှုအခြေအနေ၊ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နေရပ်မှခေတ္တစွန့်ခွာလာသူများအား စောင့်ရှောက်ထားရှိမှုအခြေအနေနှင့် ၄င်းတို့နေရပ်သို့ ပြန်နိုင်ရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးချပြခဲ့ပြီး နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများမှ နိုင်ငံတော်အစိုးရ၏ လက်ရှိဆောင်ရွက်နေမှုများကို အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ ဓမ္မာရာမကျောင်းတိုက်နှင့် ကုန်တန်း ရပ်ကွက်ရှိ ဘုရားများသိမ်တို့တွင် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရောက်ရှိလာသည့် နေရပ်မှခေတ္တစွန့်ခွာလာသူများအား တွေ့ဆုံအားပေး စကားပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ် ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က မောင်တော၊ ဘူးသီးတောင်မြို့နယ်များအား တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ပေးနေကြောင်း၊ လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ထားရှိမှုကြောင့် တည်ငြိမ် အေးချမ်းနေပြီဖြစ်ပါကြောင်း၊ နေရပ်မှခေတ္တစွန့်ခွာလာသူများအနေဖြင့် မိမိတို့နေရပ်ပြန်မည်ဆိုပါက အဆင်ပြေချောမွေ့စွာပြန်နိုင်ရန် လုံခြုံရေး အပြည့်အဝ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လတ်တလော စားနပ် ရိက္ခာများ၊ လိုအပ်ချက်များဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နေရပ်မပြန်လိုသေးဘဲ မိမိတို့ရပ်ရွာနှင့် နီးသည့် ယာယီအခြေစိုက်စခန်းများတွင် ခေတ္တနေထိုင်လိုပါကလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment