Friday, September 30, 2016

သီလဝါ ရှယ်ယာတစ်စုကို ၁၀ စုနှုန်း ပြောင်းလဲသတ်မှတ်ရန် စီစဉ်

စာရင်းဝင် အများပိုင်ကုမ္ပဏီ မြန်မာသီလဝါ အက်စ်အီးဇက်ဟိုးဒင်း (MTSH) ကုမ္ပဏီသည် ရှိရင်းစွဲ ရှယ်ယာအရေအတွက်ကို (တစ်စုကို ၁၀ စုနှုန်း) ပြောင်းလဲ ခွဲခြမ်းသတ်မှတ်ရန် ကုမ္ပဏီ၏ တတိယအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။
MTSH ၏ မူရင်းရှယ်ယာတန်ဖိုးမှာ တစ်စုလျှင် ကျပ် ၁၀၀၀၀ နှင့် အစုရှယ်ယာပေါင်း ၃ ဒသမ ၈၉၃ သန်း ထုတ်ဝေထားပြီး ပြောင်းလဲခွဲခြမ်းမည့် ပုံစံမှာ ရှယ်ယာတစ်စုလျှင် ဆယ်စုအဖြစ် ခွဲခြမ်းသွားမည ဖြစ်ကြောင်း MTSH ဒါရိုက်တာအဖွဲ့က ထုတ်ပြန်ထားသည်။ လက်ရှိ ဈေးကွက်တွင် ဖြစ်ပေါ်နေသော ရှယ်ယာဈေးနှုန်းမှာ အနည်းငယ် ကြီးမြင့်နေသောကြောင့် ရှယ်ယာဈေး လျှော့ချလိုခြင်းနှင့် ရှယ်ယာအရောင်းအဝယ် ပိုမိုသွက်လက်လာစေရန် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အဓိကကတော့ Liquidity (ရောင်းရဝယ်ရလွယ်) ဖြစ်အောင် လုပ်တဲ့ သဘောပါပဲ။ ဒီရှယ်ယာခွဲခြမ်းတဲ့ ကိစ္စကတော့ ရန်ကုန်စတော့အိတ်ချိန်းနဲ့ ကုမ္ပဏီနဲ့ တိုက်ရိုက်ညှိနှိုင်းပြီး လုပ်လို့ရပါတယ်” ဟု စီဘီငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသောင်းဟန်က ဆိုသည်။ လက်ရှိ ဈေးကွက်ပေါက်ဈေး ကျပ် ၄၂၀၀၀ ရှိနေသော MTSH ရှယ်ယာသည် ရှယ်ယာ ပြောင်းလဲခွဲခြမ်းမည့် ပုံစံအရ တစ်စုလျှင် ၄၂၀၀ သို့ ပြောင်းလဲသွားမည် ဖြစ်ပြီး အစုရှယ်ယာပေါင်း ၃၈ ဒသမ ၉၃ သန်းသို့ ပြောင်းလဲကာ ယခင် ရှယ်ယာတစ်စု ပိုင်ဆိုင်သူသည် ရှယ်ယာခွဲခြမ်းပြီးနောက်တွင် ရှယ်ယာဆယ်စု ပိုင်ဆိုင်မည် ဖြစ်သည်။ “အခြားရှယ်ယာဈေးနှုန်းတွေနဲ့ မတိမ်းမယိမ်း ဖြစ်သွားပြီး ဝယ်လိုအားနဲ့ Trading Volume (အရောင်းအဝယ် ပမာဏ) ကို မြင့်တက်စေနိုင်တယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဒါမျိုးကို ကုမ္ပဏီတွေက လုပ်ဆောင်လေ့ရှိတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဈေးကွက် ကျွမ်းကျင်သူ ဦးမာသင်က ဆိုသည်။ MTSH ကုမ္ပဏီ၏ တတိယအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးနှင့် သာမန်ထက် ထူးကဲသော အထွေထွေ အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဘဏ္ဍာရေးရှင်းတမ်း အတည်ပြုခြင်း၊ အမြတ်ဝေစု ခွဲဝေခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်ခြင်း၊ ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်းကို ပြင်ဆင်အတည်ပြုခြင်း၊ ရှယ်ယာ ပြောင်းလဲခွဲခြမ်းခြင်း စသည်တို့ကို ဆုံးဖြတ်သွားမည် ဖြစ်သည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment