Tuesday, July 23, 2013

ရွှေတိဂုံသမိုင်းပြဇာတ်ခွေ ရောင်းရငွေ ၁၅ သိန်းလှူဒါန်း



အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများ ပါဝင်သရုပ်ဆောင်ထားသော ရွှေတိဂုံဘုရားသမိုင်း ပြဇာတ်ခွေများ ဝါဆို လပြည့်နေ့ ၌ ရွှေတိဂုံ စေတီတော်ပေါ်တွင် ရောင်းချရာမှ ရရှိသည့် ငွေများအ နက် ကျပ် ၁၅ သိန်းကို ရွှေတိဂုံစေတီသို့ လှူဒါန်းခဲ့ကြောင်း ယင်းတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရုပ်ရှင်နှင့် ပြဇာတ်မေဂျာ၏ (၁၆) ကြိမ်မြောက် ကျောင်းဆင်းပွဲတွင် ကပြခဲ့သော ပြဇာတ်အခွေတစ်ထောင်ကို ရွှေတိဂုံဘုရား အနောက်ဘက် မုခ်တွင် ဇူလိုင် ၂၂ ရက်နေ့ နံနက် ၆ နာရီမှ ၉ နာရီအထိ တစ်ခွေလျှင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချခဲ့ပြီး ရောင်းရငွေ၏ ၃၀ ရာခိုင်နှုန်းကို ရွှေတိဂုံဘုရား၏ ဘက်စုံအသုံးစရိတ်အတွက် လှူဒါန်းခြင်း ဖြစ်ကြောင်း၎င်းကဆက် လက် ပြောကြားသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဆရာ၊ ဆရာမများက အမျိုးသားကဇာတ်ရုံတွင် ရိုက်ကူးကာ တည်းဖြတ်ထားသည့် ပြဇာတ်ကို ယခင်နှစ်က ကျင်းပသော ရွှေတိဂုံဘုရားနှစ် ၂၆၀၀ ပြည့်ပွဲတော်တွင် သွားရောက်ပြီး ကပြခဲ့ဖူးကြောင်း ပြဇာတ်ရိုက်ကူးရာတွင် ပါဝင်ခဲ့သူ ကင်မရာဆရာ ဦးသိန်းကျော်က ပြောကြားသည်။

“ဆရာတို့က အခွေကို မနက်နဲ့ည ဆိုပြီး ခွဲရောင်းမယ်ပေါ့၊ ဒါပေမဲ့ မနက်ပိုင်းမှာပဲ အခွေတွေ အားလုံးကုန်သွားတယ်” ဟု ရုပ်ရှင်နှင့် ပြဇာတ်ဌာနမှ ဆရာဖြစ်သူ ၎င်းက ဆိုသည်။

အခွေရောင်းချပွဲတွင် အနုပညာရှင်များ ဖြစ်ကြသည့် ခင်လှိုင်၊ ပွင့်၊ အိချောပို၊ ဖိုးသောကြာ၊ ရိုတ၊ မိုးယံဇွန်တို့ ပါဝင် ရောင်းချပေးခဲ့ကြောင်း ဦးသိန်းကျော် က ပြောကြားသည်။

ထက်အောင်ဖြိုး
The Voice Weekly

0 comments:

Post a Comment