Tuesday, August 9, 2016

ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့ အကူအညီလိုအပ်


ဧရာဝတီမြစ်ရေဆက်လက်မြင့်တက်လာမှုကြောင့် ညောင်တုန်းမြို့နယ် အတွင်းရှိ ဆည်မြောင်း၊ တာတမံ အပြင်ဘက်ရှိ ကျေးရွာများရေကြီး နစ်မြုပ်လျက်ရှိသည်။ ညောင်တုန်း မြို့နယ်အနေဖြင့် ခေတ်အဆက်ဆက် ဧရာဝတီမြစ်ရေ ကြီးမြင့်ခဲ့သည့် ရေမှတ်များကို ကျော်လွန်ကာ ယခုနှစ်မြင့်တက်နေသည့် ရေမှတ် သည် အမြင့်ဆုံးဖြစ်သည်။ ယခင် နှစ်က ရေဘေးကြောင့် လိမ္မော်ရောင် အဆင့်ကြေညာခဲ့သော မြို့တစ်မြို့ ဖြစ်သည်။ ထိုစဉ်က အမြင့်ဆုံးရေ မှတ်သည် ၂၅ ဒသမ ၈ ပေအထိ ရှိခဲ့ပြီး ယခုမြင့်တက်နေသောရေ မှတ်သည် သြဂုတ် ၈ ရက် နံနက် ၁ဝ နာရီထိ တိုင်းထွာချက်အရ ၂၆ ဒသမ ၃ ပေရှိသည်။

မြစ်ရေ မြင့်တက်မှုကြောင့် ညောင်တုန်းမြို့ပေါ်အနေဖြင့် စိုးရိမ် ဖွယ်မရှိသော်လည်း စံကင်းကျွန်းနှင့် ညောင်တုန်းကျွန်းဒေသရှိ ဆည် မြောင်း၊ တာတမံများ၏ အပြင်ဘက် တွင် နေထိုင်ကြသော ကျုံတမာ၊ ပေစိ၊ ထိပ်ဝကြီး၊ မြမ္မပြာသာ၊ ဆင်ထုံးအရှေ့၊ စက္ကော့ရေလယ်၊ သပြုရေလယ်ကျွန်း၊ ကျုံရစ်၊ ဂန်ချောင်း-ထုံးဝ၊ ရန်ကင်း စံရာ၊ ဂုံမင်းဆိပ်၊ ပါလှဲ့နှင့် အလယ် ချောင်းကျေးရွာများသည် အိမ်များ ရေမြုပ်၍ ကုန်းမြင့်ရာသို့ ပြောင်းရွှေ့ နေထိုင်ကြရသည်။ အချို့ကျေးရွာများ သည် ရွာလုံးကျွတ်နီးပါးရေမြုပ်ပြီး သောက်ရေနှင့် အစားအစာများ လိုအပ်လျက်ရှိသည်။

''အရင်နှစ်က မြစ်ရေကြီးတာကြောင့် အိမ်တွေရေမြုပ်လို့ အခုနှစ် မြှင့်ပြီး ဆောက်ထားပေမယ့် ယခင် နှစ်က ရေထက်ပိုမြင့်တက်လာတော့ ထပ်မြုပ်ပြန်ရော။ မြစ်ရေတွေကလည်း ရေနောက်တွေ၊ ကျိုချက်သောက်ရ အောင်လည်း ထင်းတွေကစိုနေတော့ ချက်ပြုတ်စားရတာတောင် အခက် တွေ့နေကြတယ်။ သစ်သားတွေက ရေစိုနေတော့ ဝါးလုံးအခြောက်တွေကို ပိုင်းဖြတ်ပြီး ချက်နေကြရတယ်။ ကျွန်တော်တို့က ဆည်မြောင်းတာရဲ့ အပြင်ဘက်က ရွာတွေဆိုတော့ နှစ်စဉ်နှစ်တိုင်း ရေမြုပ်နေကြဆိုပေ မယ့်လည်း ယခင်နှစ်တွေကထက် အခုနှစ်က ပိုဆိုးပါတယ်''ဟု ထိပ်ဝ ကြီးကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွပ်ကဲရေးရုံးကို လမ်း(၂ဝ)ထိပ် မြို့နယ်မီးသတ်ဦး စီးဌာနတွင် ဖွင့်လှစ်ထားရှိပြီး ဖုန်း ဝ၄၆-၂ဝ၄ဝ၄၊ ဝ၉-၉၆ဝ၂၂၇၃၅၉ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်း၍ လှူဒါန်းနိုင်ပြီး အလှူရှင်များအနေဖြင့် အမှန်တကယ် ရေဘေးဒုက္ခရောက် နေကြသော ပြည်သူများလက်ဝယ်သို့ တိုက်ရိုက်သွားရောက်လှူဒါန်းသည် ဖြစ်စေ၊ ကွပ်ကဲရေးရုံးတွင် လှူဒါန်း သည်ဖြစ်စေ အလှူရှင်များ၏ ဆန္ဒ အလျောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment