Wednesday, August 24, 2016

Forever မှ လစဉ် နိုင်ငံအတွက် ကျပ်သိန်း ၄၀၀၀ ခန့် ရရှိနေပြီး Sky Net မှ သုံးလခန့်အတွင်း ကျပ်သိန်း ၁၀၀၀ ခန့်အထိ လစဉ် တိုးမြင့်ရရှိတော့မည် ဖြစ်ကာ ပုဂ္ဂလိကပေးမည့် ရုပ်သံလိုင်း ငါးခုအား MITV နှင့် Channel 7 တို့ကဲ့သို့ လစဉ်ကျပ်သိန်း ၂၀၀ ကောက်ခံမည်ဖြစ်ပြီး ရုပ်သံ


Forever မှ လစဉ် နိုင်ငံအတွက် ကျပ် သိန်း ၄၀၀၀ ခန့် ရရှိနေပြီး Sky Net မှ လာမည့် သုံးလခန့်အတွင်း ကျပ်သိန်း ၁၀၀၀ ခန့်အထိ လစဉ်တိုးမြင့်ရရှိတော့မည် ဖြစ်ကာ ပုဂ္ဂလိကပေးမည့် ရုပ်သံလိုင်း ငါးခုအား MITV နှင့် Channel 7 တို့ကဲ့သို့ လစဉ် ကျပ်သိန်း ၂၀၀ သာ ကောက်ခံမည်ဖြစ်ပြီး ရုပ်သံလိုင်းလုပ်ခွင့် ရရှိပြီးသူများ ထပ်မံလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးမှ သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် အစိုးရသစ် ရက် ၁၀၀ စီမံချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
 
မြန်မာ့ရုပ်မြင်သံကြားတွင် ရှိနေသည့် ရုပ်သံလိုင်း ငါးခုကို ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးရေးနှင့် Content Provider ပုဂ္ဂိုလ်သစ်များ ၀င်ရောက်နိုင်ရန် သြဂုတ် ၂၅ ရက်တွင် အစည်းအဝေးပြုလုပ်ပြီး ပုဂ္ဂလိကသို့ EOI ခေါ်ယူမည်ဟု ဦးဖေမြင့်က ပြောကြားခဲ့ကာ အဆိုပါ ရုပ်သံလိုင်း ငါးခုကို လက်ရှိ MITV ၊ Channel 7 စသည့် ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပေးထားသည့် လုပ်ငန်းများကဲ့သို့ပင် တစ်လ ကျပ်သိန်း ၂၀၀ သာ ကောက်ခံမည်ဟု ဦးမြင့်ထွေးက ပြောကြားသည်။
 
“မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ရှိနေတဲ့ ရုပ်သံလိုင်း ငါးခုကို ပုဂ္ဂလိက လုပ်ငန်းရှင်အသစ်တွေကို လုပ်ကိုင်ခွင့်ပေးဖို့ ရှိတယ်။ လာမယ့် ၂၅ ရက်မှာ ဆွေးနွေးပွဲလုပ်ပြီး EOI ခေါ်မယ်” ဟု ဦးဖေမြင့်က ဆိုသည်။
 
ထို့ပြင် လက်ရှိ ကျပ်သိန်း ၄၀၀ သာ လစဉ်ရနေပြီး နိုင်ငံတော်က နစ်နာနေသည့် Sky Net ရုပ်သံလိုင်းနှင့် ပတ်သက်ပြီး မကြာမီအချိန်အတွင်း ကျပ်သိန်း ၆၀၀ ခန့်မှ ကျပ်သိန်း ၁၀၀၀ ခန့်အထိ ရရှိလာမည်ဖြစ်ကြောင်းနှင့် Forever Group မှ နိုင်ငံအတွက် လစဉ် ကျပ်သိန်း ၄၀၀၀ ခန့်ရရှိနေပြီး နိုင်ငံအတွက် နစ်နာမှုမရှိစေရန် စနစ်တကျ တွက်ချက်ကောက်ခံထားသည်ဟု ဦးမြင့်ထွေးက ဆက်လက်ပြောကြားသည်။
 
“ Sky Net  နဲ့ ပတ်သက်လို့ လွှတ်တော်မှာလည်း သွားရောက် ရှင်းလင်းပြီး ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲတွေမှာလည်း မကြာခဏ ပြောကြားပြီး ဖြစ်ပါတယ်။ သိန်း ၄၀၀ ဆိုတာ လက်ရှိ သူတို့ ငှားထားတဲ့အပေါ် မူတည်ပြီး ကျပ်သိန်း ၄၀၀ ကောက်နေတာပါ။ အဲဒီမှာဆိုရင် ထပ်ငှားဖို့ရှိလို့ မကြာခင် ကျပ်သိန်း ၆၀၀ လောက်အထိ ရလာမှာဖြစ်ပြီး လာမယ့် သုံးလလောက်အတွင်း ကျပ်သိန်း ၁၀၀၀ ခန့် ရမယ်လို့ ခန့်မှန်းထားပါတယ်။ ကျွန်တော်တို့ Infrastructure ကို ယူသုံးတဲ့အပေါ် မူတည်ပြီး သွင်းတဲ့ငွေ တက်လာမှာပါ။ ကျွန်တော်တို့က အသေးစိတ် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ ရှေ့နေချုပ်ရုံးကိုလည်း ပို့ထားပြီး ဖြစ်ပါတယ်။ ဒီဘက်ပိုင်း အစိုးရလက်ထက်မှာလည်း စာချုပ်တွေနဲ့ ပတ်သက်ပြီး ထပ်မံပြင်ဆင်ဖို့ ဆွေးနွေးဖို့ အကြံပြုဖို့ ရှိ မရှိ ရှေ့နေချုပ်ရုံးကို ပေးပို့ထားပြီး ဖြစ်ပါတယ်” ဟု ဦးမြင့်ထွေးက ပြောကြားသည်။
 
ဦးမြင့်ထွေး ဖြေကြားမှုများသည် Eleven Media Group က မေးမြန်းမှုဖြစ်သည့်Sky Net ရုပ်သံလိုင်းသည် နိုင်ငံတော်သို့ လစဉ် ကျပ်သိန်း ၄၀၀ ခန့်သာ ပေးသွင်းနေရသည့်အတွက် နိုင်ငံတော်က နစ်နာနေခြင်း Forever Group ၏ ရုပ်သံလိုင်းတွင်လည်း နိုင်ငံတော်က နစ်နာနေခြင်းနှင့် MITVနှင့် Channel 7 ကဲ့သို့ ပုဂ္ဂလိက ရုပ်သံလိုင်းများသည် လစဉ် နိုင်ငံတော်သို့ ကျပ်သိန်း ၂၀၀ သာ ပေးသွင်းနေခြင်းကြောင့် နိုင်ငံတော်၏ နစ်နာနေမှုများအပေါ် လက်ရှိအစိုးရသည် ရသင့်ရထိုက်သော အခွန်အခများကို ပြည့်ပြည့်၀၀ ရရှိအောင် လုပ်ဆောင်မည်ဟု မူဝါဒချမှတ်ထားသည့်အတွက် ယခင်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ လုပ်ဆောင်မှုများကြောင့် နိုင်ငံ့ဘဏ္ဍာနစ်နာနေမှုကို လက်ရှိအစိုးရလက်ထက်တွင် စာချုပ်ပြင်ဆင်ချုပ်ဆိုမှု ပြု၊ မပြု မေးမြန်းခြင်းကို ဦးမြင့်ထွေးက ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
 
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရွှေသံလွင်မီဒီယာ (Sky Net) တို့ ၂၀၁၀ ပြည့်နှစ်တွင် စတင် စာချုပ်ချုပ်ဆိုစဉ်က ၃၃ နှစ်အထိ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ပထမသုံးနှစ်ကို အခွန်အခ ကင်းလွတ်ခွင့်ပြုကာ ပထမ ငါးနှစ်တွင် လေးရာခိုင်နှုန်း ဒုတိယ ငါးနှစ်တွင် ရှစ်ရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းစီ တိုးမြှင့်ကာ စာချုပ်သက်တမ်း ကုန်ဆုံးမည့် နောက်ဆုံးငါးနှစ်တွင် နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းသာ ရှိနေ၍ နိုင်ငံတော်က နစ်နာနေကြောင်း ဝေဖန်မှုများရှိနေသဖြင့် ယခင်ဝန်ကြီး ဦးရဲထွဋ်လက်ထက်တွင် စာချုပ်ပြင်ဆင်ချုပ်ဆိုရာ တစ်လကျပ် သိန်း ၄၀၀ သာ ရတော့သည့်အထိ နိုင်ငံတော်က ပိုမိုနစ်နာမှုကြုံခဲ့ရသည်။ မကြာမီ ကျပ် သိန်း ၁၀၀၀ အထိ တိုးမြင့်ရလာပါကလည်း နိုင်ငံတော်က နစ်နာနေဦးမည် ဖြစ်သည်။
 
Forever မှ လစဉ် နိုင်ငံအတွက် ကျပ် သိန်း ၄၀၀၀ ခန့် ရရှိနေပြီး Sky Net မှ ကျပ် သိန်း ၄၀၀ ခန့်သာ ရရှိနေသည့် ခြားနားချက်နှင့် ပတ်သက်၍ ဆက်လက်မေးမြန်းရာ ဦးမြင့်ထွေးက “ Forever က တစ်လကို ကျပ်သိန်း ၄၀၀၀ လောက် ရတယ်။ Sky Net နဲ့ မတူတာက သူက DVB T2 သွားတာ။ ဒီစနစ်နဲ့ သွားတာသည် Infrastructure အများကြီးလိုက်ရတယ်။ မြို့အားလုံး ၃၃ မြို့မှာ လိုက်ပြီးတော့  Transmitter တွေ တပ်ရတယ်။ ကျွန်တော်တို့ ဆီလာပြီး ပစ္စည်းတွေ တပ်ရတယ်။ အဲဒီ စက်ရုံ ၃၀ ကျော်ကို ငှားထားရတဲ့အတွက် အသုံးပြုခ ကျပ်သိန်း ၄၀၀၀ ကျော် ပေးနေရတယ်။ Sky Net ကျ DTH  ။ ဒီကနေ ဂြိုဟ်တုကို တင်ပေးလိုက်တာ။ အဲဒါကို အိမ်တွေကနေ စလောင်းနဲ့ ဖမ်းရတာ။ ကျွန်တော်တို့ဆီမှာ ပစ္စည်းတွေ တပ်စရာမလိုဘူး။ တစ်နေရာတည်းက လွှင့်တာ User  ဆီရောက်တယ်။ သူပေးနေရတာ ရှိတယ်။ တခြားလိုင်းတွေ ကျပ်သိန်း ၂၀၀၊ Analog အတွက် သုံးနေတဲ့ မြို့တွေ။ လက်ရှိ ၁၀ မြို့ပဲရှိတယ်။ အဲဒီလို ကျွန်တော်တို့ဟာတွေ အများကြီးမသုံးလို့ ကျပ်သိန်း ၄၀၀ ပဲရတယ်။ ကျပ်သိန်း ၄၀၀ ဖိုးပဲ သုံးလို့ ကျပ်သိန်း ၄၀၀ ပဲရတယ်။ ဟုတ်တယ်နော်။ ကျပ်သိန်း ၄၀၀ ဖိုးကနေ အခု ကျပ် သိန်း ၂၀၀ ဖိုးလောက် ထပ်သုံးလာတယ်။ ပစ္စည်းတွေ ထပ်တပ်တယ်။ အဲဒီတော့ ကျပ်သိန်း ၆၀၀ ရတယ်။ နောက်ထပ် ထပ်တပ်ရင် ကျပ်သိန်း ၈၀၀ ရမယ်။ နောက်သုံးလလောက်မှာ ကျွန်တော်တို့ မျှော်မှန်းတာက ကျပ်သိန်း ၁၀၀၀ လောက်ရမယ် မျှော်မှန်းထားတယ်။ နောက်ထပ် ထပ်တက်ရင် ကျပ်သိန်း ၁၅၀၀ လောက်ရမယ်။ ကျပ်သိန်း ၄၀၀၀ နဲ့ ကျပ်သိန်း ၄၀၀ တော့ သွားယှဉ်လို့မရဘူး” ဟု ဦးမြင့်ထွေးက ရှင်းလင်းသည်။
 
ထို့အပြင် Channel 7၊ MITV ကဲ့သို့ ရုပ်သံလိုင်းများမှ တစ်လ ကျပ်သိန်း ၂၀၀ ကောက်ခံရာတွင်လည်း များသည်ဆိုကာ ထပ်မံလျှော့ချခိုင်းနေမှုများ ကြုံနေရကြောင်းနှင့် ထပ်မံချပေးမည့် ရုပ်သံငါးလိုင်းကို ရွှေသံလွင် နှင့် Forever အား ထပ်ပေးမည် မဟုတ်ကြောင်း ဦးမြင့်ထွေးက ဆက်လက်ပြောကြားသည်။
 
“အကြမ်းဖျင်းပြောရရင် Forever နဲ့ ရွှေသံလွင်ကို ရုပ်သံလိုင်း ငါးခု ထပ်ပေးဖို့ မရှိဘူး။ ကျွန်တော်တို့က ပြောကတည်းက Content Provider လို့ ပြောခဲ့တာ။ ဒီငါးလိုင်းထဲမှာ ထပ်ပေးဖို့ မရှိပါဘူး။ ကျပ်သိန်း ၂၀၀ ဆိုတာက ကျွန်တော်တို့  သေချာတွက်ချက် ကောက်ခံထားတာ။ နောက်လာမယ့်  Content Provider  ငါးခုကိုလည်း ကျပ်သိန်း ၂၀၀ ပဲ ကောက်မှာပါ။ အဲဒီကျပ်သိန်း ၂၀၀ ကိုပဲ များတယ်ဆိုပြီး ထပ်လျှော့ခိုင်းနေသူတွေ ရှိတယ်။ ခင်ဗျား တို့ကသာ နည်းနေတယ် ပြောနေတာ။ သူတို့က လျှော့ခိုင်းနေတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ အသစ်လျှောက်သူတွေကလည်း ဒီကျပ်သိန်း ၂၀၀ ကို များတယ်ဆိုပြီး လျှော့ခိုင်းနေတာ”  ဟု ဦးမြင့်ထွေးက ဆက်လက် ပြောကြားသည်။  
Credit To >>> Eleven Media Group

0 comments:

Post a Comment