Wednesday, August 10, 2016

လူမှုဝန်ထမ်းက ငှားရမ်းထားသော ဆိုင်ခန်းများကို တစ်ပတ်အတွင်း ဖယ်ရှားမည်ဟုဆို


ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းသက်သာ ရံပုံငွေဖြင့် ဆောက်လုပ်ထားသော ဈေးဆိုင်ခန်းများကို တစ်ပတ်အတွင်း တရားဥပဒေအရ အင်အားသုံး ဖယ်ရှားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ဩဂုတ် ၉ရက် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒီဆိုင်ခန်းနေရာတွေကို ဖယ်ရှားပေးဖို့ နို့တစ်စာ ပေးထားတာ အကြိမ်ကြိမ်ရှိပါပြီ။ငှားရမ်းခအတွက် ယူထားခဲ့တဲ့ စပေါ်ငွေ ကျပ်တစ်သိန်းကိုလည်း ၂၀၁၀ကတည်းက ပြန်ပေးပြီးပြီ။ ကျွန်တော်တို့ကတော့ ဥပဒေကို ကျော်လွန်ပြီး လုပ်မှာမဟုတ်ဘူး။ အားလုံးဘောင်ထဲကပဲ ဖယ်ရှားသွားမှာပါ”ဟု ၎င်းကဆိုသည်။

ကမ္ဘာအေးဘုရားလမ်းနှင့်ပါရမီလမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းသက်သာ ရံပုံငွေဖြင့် ဆောက်လုပ်ထားသော ဈေးဆိုင်ခန်းများတွင် စုစုပေါင်းဆိုင်ခန်း ၂၀ပါဝင်ပြီး ယင်းဆိုင်ခန်းများကို ၁၉၉၅ခုနှစ်က ငွေကျပ်တစ်သိန်းဖြင့် စပေါ်တင် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရှင်းလင်းပွဲထံမှသိရသည်။

အဆိုပါဆိုင်ခန်းများရှိသော မြေနေရာနှင့်အဆောက်အအုံများကို ၂၀၁၁ခုနှစ် မတ်လတွင် ကာကွယ်ရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးခဲ့ရသည့်အတွက် ငှားရမ်းထားသော စာချုပ်မှာ တရားဝင်ပျက်ပြယ်ခဲ့ကြောင်း၊ ယင်းမြေ နေရာနှင့်အဆောက်အအုံကို ၂၀၁၃ခုနှစ်တွင် ပြန်လည်လက်ခံရရှိခဲ့ပြီး ယင်းမှစတင်၍ဆိုင်ခန်းငှားရမ်းခများ မကောက်ခံတော့ကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။

“အစိုးရသစ်တက်ပြီးတဲ့အခါမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့တွေ့တော့ အားလုံးကိုတပြေးညီ ဥပဒေအတိုင်း ဖြစ်ရ မယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့က မပြောင်းပေးတာ မဟုတ်ဘူး။တစ်မြို့လုံးမှာ ကျွန်တော်တို့လို ဆိုင်ခန်းတွေ အများကြီး ရှိတယ်။ အခုက ကျွန်တော်တို့ကို သီးသန့်လုပ်သလိုဖြစ်နေတယ်”ဟု ဂက်စ်အပိုပစ္စည်းရောင်းဝယ်ရေး ဆိုင်မှ ကိုလတ်ကဆိုသည်။

အဆိုပါဆိုင်ခန်းများတွင် မွေ့ယာဆိုင်၊ အပ်ချုပ်ဆိုင်၊ ဂက်စ်ဆိုင်၊လက်ဖက်ရည်ဆိုင်နှင့် သံပန်းစတီးဆိုင်တို့ ပါဝင် ပြီး ယင်းဆိုင်ခန်းများ လတ်တလောတွင် မဖယ်ရှားရေးအတွက် အသနားခံထားကြောင်းနှင့် ဝန်ကြီးဌာနက ဆိုင်ခန်းများကို ဖယ်ရှားခိုင်းသော်လည်း နေရာအစားထိုးပြန်လည်ပေးထားခြင်း မရှိသေးကြောင်း ဈေးဆိုင်ခန်းပိုင်ရှင် များက ဆိုသည်။

“၁၉၉၅ တုန်းက ဆိုင်ခန်းတွေကို အဲဒီ့တုန်းက ပေါက်ဈေးကျပ်တစ်သိန်းနဲ့ စပေါ်တင်ပြီး ငှားခဲ့ရတာ။လစဉ်လည်း ဆိုင်ခန်းငှားခ ပေးတယ်။စစ်တပ်ကို ၂၀၁၁ အလွှဲခံရတုန်းကလည်း လစာတွေပေးရတယ်။ ကျွန်မတို့က ဆိုင်ပြောင်းရမယ်ဆိုရင် ဖောက်သည်ပျက်မယ်။ နောက်ပြီး အခုကျွန်မတို့ တစ်စုတည်းပဲ ဖျက်ဖို့ ပြောနေတယ်။ တခြား ဘယ်ဆိုင်မှ ဖျက်ခိုင်းတာ မရှိသေးဘူး”ဟု ရွှေမိမွေယာဆိုင်ရှင်ကဆိုသည်။
Credit To >>>The Voice Weekly

0 comments:

Post a Comment