Wednesday, May 15, 2013

အသေးစားငွေချေးလုပ်ငန်း ဖွင့်လှစ်ပံ့ပိုးမည့် သမ္မတကြီး

ပြည်သူများစားဝတ်နေရေး သက်သာချောင်ချိနိုင်ရန်နှင့် လူမှုစီးပွားမြှင့် တင်နိုင် ရန် အသေးစားငွေချေးလုပ်ငန်း များ( Microfinance Bank ) ဖွင့်လှစ်ကာ ကူညီဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မန္တလေးအမျိုးသားကဇာတ်ရုံ လူမှုစီးပွားမြှင့်တင်ရေး အခမ်းအနား၌ ပြောကြားခဲ့သည်။

“ပြည်သူတွေ စားဝတ်နေရေး သက်သာချောင်ချိနိုင်ရန်သာမက နောက်အနာဂတ်တွင် ပြည်သူများ မိမိ ခြေ ထောက်ပေါ် မိမိရပ်တည်နိုင်ရန် အသေးစားငွေချေးလုပ်ငန်းများဟာ ကျေးလက်နေပြည်သူများနဲ့ မြို့ပြနေ အခြေခံ လူတန်းစားများရဲ့ လူမှုစီးပွားမြှင့်တင်ဖို့အတွက် အဓိက အခြေခံကျတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတကြီးက ပြောကြားခဲ့သည်။

မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံတွင် မေလ (၁၂)ရက်နေ့ နံနက် (၈)နာရီတွင် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားမြှင့်တင်ရေး အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတအပါအ၀င် သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

“အရင်းအနှီးအတွက် ထုတ်ချေးပေးမယ်ဆိုတော့ ကောင်းပါတယ်။ အောက်ခြေအထိ ရောက်ဖို့တော့လိုတယ်။ အပြင်မှာဆို အတိုးက အရမ်းများတော့ မတက်နိုင်ဘူး။ နိုင်ငံတော်ကသာ အတိုးသက်သာစွာနဲ့ ချေးပေးတော့ ပိုပြီး အဆင်ပြေတာပေါ့”ဟု မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မှ တောင်သူတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အိမ်တွင်းစီးပွားရေး လုပ်ငန်းများလုပ်ကိုင်ကြရာတွင် အရင်းနှီးမလုံ လောက်ခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များထံက အတိုးနှုန်းကြီးစွာဖြင့် ချေးယူလုပ်ကိုင်နေရခြင်း၊ အကျိုးအမြတ်မှာ လည်း ရရှိသင့်သလောက်မရရှိခြင်း တို့ကြောင့် နိုင်ငံတော်အစိုးရမှ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ ပြဌာန်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သမ္မတမှ ပြောကြားခဲ့သည်။

“ နိုင်ငံတော်သမ္မတရဲ့လမ်းညွှန်ချက်နဲ့အညီ သမ၀ါယမက လုပ်ဆောင်နေတဲ့ Microfinance လုပ်ငန်းဟာ ကျေးရွာ တစ်ရွာမြို့နယ်တစ်ခုအတွက်သာ ဆောင်ရွက်နေတာမဟုတ်ပဲ တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်နေ တာ ဖြစ်ပါတယ် ” ဟု သမ၀ါယမ၀န်ကြီဦးကျော်ဆန်းက ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ်ငွေ ဘီလီယံ (၆၀၀)မှာ ဘီလီယံ (၃၀၀၀) အထိ လိုအပ်ကြောင်း၊ နိုင်ငံတကာ အကူအညီများရရှိရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ဒေါ်လာ သန်း(၁၀၀) ချေးငွေ ရရှိထားကြောင်း ၄င်းက ဆက်ပြောသည်။

0 comments:

Post a Comment