Friday, August 12, 2016

မုန်တိုင်းငယ်အားလျော့သော်လည်း ဒေသအချို့ မိုးအားပိုမည်

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဩဂုတ် ၁၂ ရက်(ယနေ့)တွင် အားလျော့ပျက်ပြယ်သွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါမုန်တိုင်းငယ်သည် ဩဂုတ် ၁၀ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားကမ်းခြေအနီးတွင် ဖြစ်ပေါ်လျက်ရှိရာမှ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး အားလျော့နည်းသွားနိုင်ကြောင်း၊ သို့သော် မုန်တိုင်း၏အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောဆိုသည်။

“မုန်တိုင်းက အိန္ဒိယနိုင်ငံကုန်းထဲကို ဝင်သွားပြီ။ ဒါပေမဲ့ သူ့အရှိန်ကြောင့် ရခိုင်မှာနေရာကွက်ပြီး မိုးကြီးနိုင်တယ်။ ချင်းပြည်နယ်နဲ့ အောက်ပိုင်းဒေသအချို့မှာတော့ မိုးပျံ့ပျံ့နှံ့နှံ့ ရွာနိုင်သေးတယ်” ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးအားပိုလာနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်သည်။

Credit To >>>The Voice Weekly

0 comments:

Post a Comment