Friday, August 19, 2016

ကူးစက်ရောဂါဖြစ်ပွားခဲ့သောကျေးရွာများသို့ တပ်မတော်လေယာဉ်ဖြင့် စားသောက်ကုန်များ ဒုတိယအကြိမ် ပို့ဆောင်ထောက်ပံ့


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ကူးစက်ရောဂါ ဖြစ်ပွားခဲ့သော ကျေးရွာများသို့ အာဟာရအခြေအနေ မြှင့်တင်ပေးရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ တပ်မတော်လေယာဉ်ဖြင့် စားသောက်ကုန်ပစ္စည်းများကို ဒုတိယအကြိမ်မြောက်အဖြစ် သွားရောက်ပို့ဆောင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
''အဲဒီဒေသက သွားလာရခက်ခဲတဲ့အတွက် တပ်မတော်(လေ)ရဲ့ အကူအညီနဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ပေးသွားမှာပါ။ ပထမအကြိမ်ထက် ထောက်ပံ့ပစ္စည်းတွေပိုများပါတယ်။ ဆက်လက်ပြီး ထောက်ပံ့မှုတွေပေးသွား မှာပါ''ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောသည်။ 

အဆိုပါဒေသတွင် ဇူလိုင်နှင့် သြဂုတ်လအတွင်း ကူးစက်ရောဂါဖြစ်ပွားခဲ့သဖြင့် ရောဂါဖြစ်ပွားခဲ့သည့် ကျေးရွာများရှိ ပြည်သူများအတွက် အာဟာရအခြေ အနေ မြှင့်တင်ပေးရန် အာဟာရဖြည့် ဆန် ၁ဝ၄ အိတ်၊ စားဆီ ၁ဝ ပိဿာဝင် ပုံး၂ဝ၊ ကုလားပဲခြမ်း(၃ဝ ပိဿာပါ) အိတ် ၂ဝ၊ ငါးသေတ္တာ(ဘူး ၁ဝဝပါ) ၃၃ ဖာ၊ ဆား(၂၅ ပိဿာပါ) သုံးအိတ်၊ ခြင်ထောင်(အလုံး ၁ဝဝ ပါ) ငါးအိတ် စုစုပေါင်းပစ္စည်းခြောက်မျိုးတို့ကို တပ်မတော်၏အကူအညီဖြင့် သက်ဆိုင်ရာက ဒုတိယအကြိမ်မြောက် သွားရောက်ထောက်ပံ့ခြင်းဖြစ်သည်။

''လက်ရှိထောက်ပံ့နေတဲ့ ဆန်တွေက ရိုးရိုးဆန်မဟုတ်ပါဘူး။ အာဟာရ ဖြည့်ဆန်တွေဖြစ်တဲ့အတွက် ပြည်သူတွေအတွက် ပိုပြီးထိရောက်မှုရှိမှာပါ။ ပို့ဆောင်တဲ့အခါမှာတော့ လမ်းခရီးအခက်အခဲတွေရှိပါတယ်။ ပထမအကြိမ် တုန်းကလိုပဲ ရန်ကုန်ကနေ ဟုမ္မလင်းကို လေယာဉ်နဲ့ပို့မယ်။ ဟုမ္မလင်းကနေ အသင့်စောင့်နေတဲ့ တပ်မတော်ရဟတ်ယာဉ်နဲ့ ခန္တီးကိုချက်ချင်းပို့မယ်။ အဲဒီကနေ ရေလမ်းနဲ့ ကုန်းလမ်းခရီးတွေကို အသုံးပြုပြီး ဆက်လက်ပို့ဆောင် ပေးသွားမှာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။ 

ထိုသို့ပို့ဆောင်ရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူတို့က လိုက်ပါပို့ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ဟုမ္မလင်းမြို့သို့ရောက်ရှိပြီး ထိုမှ တစ်ဆင့် တပ်မတော်ရဟတ်ယာဉ်ဖြင့် စားသောက်ကုန်ပစ္စည်းများကို ခန္တီးမြို့သို့ သယ်ဆောင်ကာ ရာသီဥတုအခြေအနေပေါ်မူတည်၍ အဆိုပါဒေသများသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အဆိုပါဒေသသို့ သြဂုတ် ၁၅ ရက်က ကနဦးထောက်ပံ့မှု အနေဖြင့် အာဟာရဆန်၊ ဆီ၊ ကုလားပဲခြမ်းနှင့် ငါးသေတ္တာဘူး အပါအဝင် စားသောက်ကုန်ပစ္စည်းများကို သက်ဆိုင်ရာက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

Credit To >>>The Mirror Daily

0 comments:

Post a Comment