Thursday, August 11, 2016

အဂတိလိုက်စားမှုထိရောက်စွာဖြေရှင်းရေးအဆို ကန့်ကွက်သူမရှိ ပြည်သူ့လွှတ်တော်အတည်ပြု

အဂကိလိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းရေးအဆိုကို ကန့်ကွက်သူမရှိပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီး လွှတ်တော်နှင့် အစိုးရ၏လမ်းညွန်မှုအတိုင်း ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက လွှတ်တော်တွင် ကတိပြုပြောကြားခဲ့သည်။
ယင်းအဆိုကို မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ် စားလှယ် ၃၁ ဦးက ဩဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် အဆိုကို ထောက်ခံဆွေးနွေးခြင်း၊ ကော်မရှင်ကို ထောက်ပြမှု၊ ဝေဖန်မှုများဖြင့် ပြောကြားခဲ့သောကြောင့် ကော်မရှင်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကော်မရှင်အနေဖြင့် တိုင်ကြားစာများကို စိစစ်ပြီး ဥပဒေနှင့်အညီလုပ်ဆောင်နေသောကြောင့် အဆိုကိုမှတ်တမ်း အဖြစ်သာထားရှိပေးရန် ကော်မရှင်ဥက္ကဌ က ဖြေရှင်းခဲ့သော်လည်း အဆိုတင်သွင်းသူ ဒေါက်တာဦးသန်းဝင်းက လွှတ်တော်၏အဆုံးအဖြတ်ရယူရန်လိုလားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကိုမဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် ရွေးကောက်ခံကိုယ်စားလှယ် များအားလုံးက ထောက်ခံသောကြောင့် အဂတိလိုက်စားမှု များထင်ရှားသိသာစွာ ကျဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအတည်ပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။

မဲရလဒ်အရ အစည်းအဝေးသို့ တက်ရောက်သည့်ကိုယ်စားလှယ် ၃၈၈ ဦး၊ထောက်ခံမဲပေးသူ ၃၇၀ ဦးရှိပြီး ကန့် ကွက်မဲ၊ကြားနေမဲမရှိသောကြောင့် ကျန်ကိုယ်စားလှယ် ၁၈ ဦးမဲမှာပျောက်ဆုံးနေခဲ့ကြောင်း ကိုယ်စားလှယ် များက ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ၂၀၁၄ ခုနှစ် ၊ဖေဖော်ဝါရီတွင် ယခင်အစိုးရနှင့် လွှတ်တော်မှဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင်အဆင့် ၁၇၂ အထိရှိခဲ့ရာမှ လက်ရှိတွင်အဆင့် ၁၄၇ သို့လျော့ကျလာခဲ့ပြီဖြစ် ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက ပြောသည်။

အကတိလိုက်စားမှုများကို အစိုးရ၊ကော်မရှင်နှင့် ဝန်ထမ်းများကို တစဆင့်စီ စိတ်ဓါတ်များ ပြုပြင်ပြောင်းလဲပေး ရန်လိုအပ်ပြီး ထိန်းကျောင်းသွားရမည်ဖြစ်ကာ လွှတ်တော်နှင့် အစိုးရ၏လမ်းညွန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment