Thursday, August 11, 2016

လိုင်စင်မဲ့ယာဉ်များ ရန်ကုန်မြို့တွင်း၌ပါ ဖမ်းဆီးမည်


လိုင်စင်မဲ့ယာဉ်များ တရားမဝင်ဝင်ရောက်မှု စစ်ဆေးဖမ်းဆီးရာတွင် နယ်စပ်ဂိတ်များအပြင် ရန်ကုန်မြို့တွင်း၌ပါ ရှောင်တခင်စစ်ဆေးဖမ်းဆီးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
လိုင်စင်မဲ့ယာဉ်များ တရားမဝင် ဝင်ရောက်မှုကို မေလ ၁ရက်မှ စ၍နယ်စပ်ဂိတ်များတွင် စစ်ဆေးဖမ်းဆီးခဲ့ပြီး ရန်ကုန်မြို့တွင်း၌လည်း ရှောင်တခင်စစ်ဆေး ဖမ်းဆီးသွားမည်ဖြစ်သည်။

“နယ်စပ်က ဝင်လာတဲ့ လိုင်စင်မဲ့ယာဉ်တွေ ရန်ကုန်မြို့တွင်းမှာ အခုဆိုတော်တော်များလာတယ်”ဟု တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ယာဉ်များ မောင်းနှင်နေမှုကို ထိရောက်စွာ စစ်ဆေးသွားမည်ဖြစ်ပြီး လိုင်စင်မဲ့ယာဉ်များရှိနိုင်သည့် နေရာများကိုလည်း ရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ဆိုသည်။

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးအရေးယူရာတွင် ပိုင်ရှင်နှင့်တကွ ဖမ်းဆီးရမိပါက ယာဉ်ပိုင်ရှင်ကို ဒဏ်ကြေး ငွေကျပ် နှစ်သိန်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်မည်ဖြစ်ပြီး ပိုင်ရှင်မဲ့ဖြစ်ပါက ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ လေလံတင်ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

၂၀၁၆ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ ခုနှစ်လအတွင်း လိုင်စင်မဲ့ယာဉ် ၄၉စီးဖမ်းဆီးရမိထားကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှသိရှိရသည်။

“အခုက လိုင်စင်မဲ့ယာဉ်တွေကို မြ၀တီ- ဘားအံ နယ်စပ်ဘက်ကနေ ရန်ကုန်ထိ အရောက်ပို့ပြီး ရောင်းဝယ်တာတွေ ရှိနေတာ များလာတဲ့အတွက် လိုင်စင်မဲ့ယာဉ်တွေ တော်တော်များလာတယ်။ ကားပွဲတန်းမှာလည်း လိုင်စင်မဲ့ယာဉ် ရောင်းဝယ်တာတွေလဲ ရှိနေတဲ့အတွက် အမှန်တကယ်ရောင်းဝယ်နေသူတွေ နစ်နာပါတယ်”ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးမင်းဦးက ဆိုသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment