Monday, August 1, 2016

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းက အကျိုးဆောင်ခ နှုန်းထားများ ထုတ်ပြန်

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်းမှ နိုင်ငံအတွင်း အိမ်ခြံ မြေ ရောင်းဝယ်မှု ဆောင်ရွက်ရာတွင် အကျိုးဆောင်ခ နှုန်းထားများကို ဇူလိုင် နောက်ဆုံးပတ်တွင် သတ်မှတ် ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်းထံမှ သိရှိရသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်ရာတွင် အကျိုးဆောင်ခ နှုန်းထားများမှာ တန်ဖိုးကျပ် သိန်းတစ်ရာအထိ  ၃ ရာခိုင်နှုန်း၊ တန်ဖိုးကျပ် သိန်းတစ်ရာအထက် ၂ ရာခိုင်နှုန်း သတ်မှတ်လိုက်ခြင်းဖြစ်သည်။

''အိမ်၊ ခြံ၊ မြေအကျိုးဆောင်များ အနေနဲ့ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ငှားတဲ့ နေရာမှာ အကာအကွယ် နည်းပါးပြီး အခက်အခဲများနှင့် ကြုံတွေ့နေရပါတယ်။ အခုလို နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု ဆောင်ရွက်ရာမှာ အကျိုးဆောင်ခ နှုန်းထားတွေကို သတ်မှတ် ထုတ်ပြန်လိုက်တဲ့အတွက် အကျိုးဆောင်နဲ့ ရောင်းသူ၊ ဝယ်သူကြားက ပြဿနာ လျော့နည်းသွားမှာပါ''ဟု မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထို့ပြင် အငှားလုပ်ငန်းအတွက် ရောင်းသူဘက်က အကျိုးဆောင်ခ ထုတ်ပေးမည်ဆိုပါက နှစ်ချုပ် အိမ်ငှားခ၏ တစ်လစာ၊ စပေါ်ငွေ ပေးသွင်းပါက စပေါ်တန်ဖိုး၏ ၃ ရာခိုင်နှုန်းနှင့် အိမ်ငှားခ တစ်လစာ ရရှိမည်ဖြစ်ကြောင်း  ထုတ်ပြန်ချက်အရ သိရသည်။

BOT စနစ်ဖြင့် အိမ်ရှင်အိမ်ငှား အကျိုးဆောင်ပါက ငှားရမ်းကာလ ၁ဝ နှစ်အထိ တစ်လစာ၊ ငှားရမ်းကာလအနှစ် ၃ဝ အထိ ၃ လစာ၊ ငှားရမ်းကာလ အနှစ် ၅ဝ အထိ ငါးလစာ ရရှိမည်ဖြစ်ပြီး မြေရှင်နှင့် ကန်ထရိုက်ကြား ဝန်ဆောင်မှု ပေးမည်ဆိုပါက ကန်ထရိုက်နှင့် အိမ်ရှင်ဆောက် လုပ်ရန် ညှိနှိုင်းမှု အကျိုးဆောင်ခသည့် မြေကာလ တန်ဖိုး၏ ၃ ရာခိုင်နှုန်းသို့ ညှိနှိုင်းတန်ဖိုး ရရှိမည်ဖြစ်သည်။

''အိမ်၊ ခြံ၊ မြေ ပုံမှန်လည်း အပြင်မှာ အဲဒီဈေးကို သတ်မှတ်ပြီး လုပ်ကိုင်နေ ကြပါတယ်။ ဒါပေမဲ့ အခုလို တရားဝင် သတ်မှတ်တာတော့ ကောင်းပါတယ်။ အချို့ကျတော့ အရောင်းအဝယ် တကယ်လုပ်ရင် ရောင်းသူ ဝယ်သူဘက်က ဈေးလျှော့ရင်တော့ ညှိလုပ်ရတာတွေလည်း ရှိပါတယ်''ဟု ပြည်ကြီးတံခွန် အိမ်ခြံ မြေ အကျိုးဆောင် လုပ်ငန်းမှ ကိုနေဇော်က ဆိုသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment