Friday, July 15, 2016

ပြည်ပပို့ ကျောက်မျက် အချောထည် အခွန်နှုန်းထား သုံးသပ်ရန် ဩဂုတ်လတွင် လွှတ်တော်တင်မည်

ပြည်ပတင်ပို့သည့် မြန်မာ့ကျောက်မျက် လက်ဝတ်ရတနာ အချောထည် ပစ္စည်းများအပေါ် ကောက်ခံသည့် အကောက်ခွန် နှုန်းထားများအပေါ် ပြန်လည် သုံးသပ်နိုင်ရန် လာမည့်ဩဂုတ်လတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်လုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ 

“ဝန်ကြီးဌာန သုံးခုနဲ့ ဆွေးနွေးရဦးမှာ။ လိုအပ်ရင် ရှေ့နေချုပ်ရုံးလည်း ပါမယ်။ ပြန်လည် ပြင်ဆင်တာတွေ လုပ်မယ်။ ပြီးရင် ရှေ့လလောက်ဆို လွှတ်တော် တင်မှာပါ။ စိန်နဲ့ မြက ပြည်တွင်းထွက် မဟုတ်တော့ အခွန်ကင်းလွတ်ခွင့် ပေးဖို့အတွက်တွေလည်း ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ယင်းအခွန်နှုန်းထားနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့နှင့် ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ လက်ရှိ ပြည်တွင်း ရောင်းချသည့် ကျောက်မျက်ဆိုလျှင် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် အပါအဝင် အခွန် ၁၁ ရာခိုင်နှုန်းနှင့် ပြည်ပပို့ ကျောက်မျက်ဖြစ်ပါက အခွန်ခြောက်ခိုင်နှုန်း ပေးဆောင်ရကြောင်း ၎င်းကပြောဆိုသည်။

ဇူလိုင်လ ၁၂ ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံခဲ့ကြပြီး မြန်မာ့ကျောက်မျက် လက်ဝတ်ရတနာ အချောထည် ပစ္စည်းများအတွက် ပြည်ပပို့ကုန်မူဝါဒ ပြဋ္ဌာန်း ဆောင်ရွက်ပေးနိုင်ရန်၊ လွတ်လပ်သည့် ပို့ကုန်၊ သွင်းကုန် မူဝါဒများ ချမှတ်ပေးရန်၊ Export Processing Zone များ အကောင်အထည်ဖော်ဆောင်ပေးရန်နှင့် အခွန်နှုန်းထား ပြန်လည် သုံးသပ်ရန်တို့ တင်ပြခဲ့ကြပြီး သက်ဆိုင်ရာ အဆင့်ဆင့်သို့ ဆက်လက် တင်ပြသွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။
Credit To >>> The Voice weekly

0 comments:

Post a Comment