Friday, July 15, 2016

E-Yangon စနစ် ခြောက်လအတွင်း အကောင်အထည်ဖော်မည် ပြည်သူများသိရှိလိုသည်ကို ၁၈၈၁ ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် ဖြေရှင်းသွားမည်

ရန်ကုန်တွင် E-Yangon စနစ်အား ခြောက်လအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပြည်သူများ သိရှိလိုသည့် အချက်များနှင့် အခက်အခဲများကို ၁၈၈၁ ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အရ သိရသည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သီလဝါအထူးစီးပွား ရေးဇုန်ရှိ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ရုံးခန်း One Stop Service Center တွင် တာဝန်ရှိသူများနှင့် ဇူလိုင်လဒုတိယပတ်က တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ရန်ကုန်ကို E-Yangon ဆိုပြီး ဆောင်ရွက်သွားမှာ ဖြစ်သလို ၁၈၈၁ ဖုန်းခေါ်ဆိုမှုကနေ အားလုံးကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့စီစဉ်နေပါပြီ။ ခြောက်လအတွင်းမှာ အဆင်သင့်ဖြစ်နိုင်ဖို့ ကြိုးစားနေပါပြီ။ One Stop Service ဟာ အရေးကြီးပါတယ်။ သူ့ကို ဆောင်ရွက်ခြင်းအားဖြင့် လာဘ်ပေးလာဘ်ယူမှု(Corruption)နဲ့ ပတ်သက်ပြီး ဆောင်ရွက်နိုင်ပါမယ်။ အဂတိလိုက်စားမှုကင်းချင်တယ်ဆိုရင် ဒီလုပ်ငန်းကို ကျွန်တော်တို့တွေ မဖြစ်မနေ လုပ်ကို လုပ်ရပါမယ်''ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်၏ One Stop Service ဆောင်ရွက် အောင်မြင်နေမှုအပေါ် အခြေပြုဆောင်ရွက်သွားမည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် သီးခြားဖြစ်နေသည့် ကိုကိုးကျွန်းမှ အပ ကျန်မြို့နယ် ၄၄ မြို့နယ်တွင် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုချင်းစီ တိုးမြှင့်ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ''One Stop Service နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး ကိုလုပ်ဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ(YCDC)မှာ One Stop Service စတင် ဆောင်ရွက်နေပါပြီ။ နမူနာအနေနဲ့ကလည်း သီလဝါ အထူးစီးပွားရေးဇုန်ကို အောင်မြင်မှုကိုအခြေပြုပြီး ကျွန်တော်တို့ စဉ်းစားထားတာပါ။ အရင်တုန်းက One Stop Service လုပ်မယ်ဆိုတဲ့ ပုံစံက Single Window မဖြစ်ပါဘူး။ အခုက ကျွန်တော်တို့ Single Window ပုံစံမျိုး လုပ်မယ်။ အစိုးရဝန်ထမ်းတွေအတွက်လည်း တကယ့်ကို ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ ရနိုင်အောင်နဲ့ သူတို့ရရှိမှုကလည်း ဂုဏ်သိက္ခာရှိတဲ့ ရရှိမှုဖြစ်အောင် ကြိုးပမ်းသွားဖို့ ရှိပါတယ်။ ဒါက ကျွန်တော်တို့ ရန်ကုန်မှာ ဆောင်ရွက်မယ့် အခြေအနေပါ''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရဆောင်ရွက်နေသည့် E-Yangon နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ''ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ E-government နဲ့ E-Yangon ဖြစ်ဖို့ ကြိုးစားနေတယ်။ ဒီလိုလုပ်ဆောင် နိုင်မယ်ဆိုရင် အဂတိလိုက်စားမှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေ အများကြီးပျောက်ကွယ်သွားပြီး တိုးတက်လာမယ်။ ဒီမံကိန်းက သတင်းမီဒီယာတွေကို ထုတ်ပြန်ဖို့ပဲ ကျန်ပါတော့တယ်။ E-government ဆိုတာ လုံခြုံရေးအရ အလွန်အရေးကြီးပါတယ်။ အလွန်အရေးကြီးတဲ့အပိုင်းဖြစ် တာကြောင့် ကျွန်မတို့ အပြန်ပြန်အလှန်လှန် ပညာရှင်တွေနဲ့ စမ်းသပ်နေပါတယ်။ ပြီးစီးတဲ့အခါကျရင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် သတင်းမီဒီယာတွေ အကုန်လုံးကို ဖိတ်ခေါ်ပြီး ပြည်သူတွေကို အစိုးရအဖွဲ့နဲ့ ဘယ်လို ဆက်သွယ်ပြီး လျှောက်လွှာတွေ တင်သွင်းရမယ်ဆိုတာတွေ ကအစ Public Awareness ကို သတင်းမီဒီယာတွေကနေ ထုတ်ပြန်သွားပါမယ်''ဟု သတင်းမီဒီယာများအား ပြောကြားထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက် နေသည့်အခြေအနေ၊ သီလဝါအထူးစီးပွားရေးဇုန်တွင် ဆောင်ရွက်နေသည့် One Stop Service အကြောင်း သိရှိရန်နှင့် သီလဝါအထူးစီးပွားရေးဇုန်အား လိုအပ်သည့် အကူအညီများ ထောက်ပံ့ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်ထံမှ သိရသည်။
ဦးဆက်အောင်က ''ဝန်ကြီးချုပ်က သီလဝါအကြောင်း ဂဃနဏ သိအောင်လာကြည့်တယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က သီလဝါအထူးစီးပွားရေးဇုန်ကို Support လုပ်ပေးမယ်။ လိုအပ်တဲ့ အကူအညီပေးမယ်ဆို တာတွေ ပြောသွားပါတယ်''ဟု ဆိုသည်။
''ကျွန်တော်တို့ဆီမှာ ထူးခြားတာ တစ်ခုပေါ့၊ စီးပွားရေး ဇုန်ပြင်ပမှာတောင် သေသေချာချာ ထိထိရောက်ရောက် မကောက်နိုင်သေးတဲ့ အခွန်တွေရှိနေပါသေးတယ်။ သီလဝါမှာတော့ အခွန်နဲ့ပတ်သက်ရင် အပြင်မှာတောင်ကောက်ဖို့ခဲယဉ်းနေတဲ့ commercial tax, withholding tax, income tax တွေကို အီလက်ထရွန်နစ်စနစ်နဲ့ အကုန်လုံးရအောင်ကောက်ပါ့မယ်။ အီလက်ထရွန်စနစ်နဲ့ ဆိုတော့ အခွန်မှန်သမျှ အားလုံးကို တိတိကျကျဆောင် နိုင်မယ်။
သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ One Stop Service Center တွင် မည်သည့်ဝန်ကြီးဌာနများကိုမျှ သွားရောက်ရန်မလိုဘဲ ခွင့်ပြုမိန့်နှင့် ပါမစ်များအား လုပ်ဆောင်နိုင်ပြီး ခွင့်ပြုမိန့်လျှောက်ထားရာတွင် One Stop Service Center သို့ လာရောက်ရန်ပင် မလိုအပ်ဘဲ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ပြီဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန်တစ်ခုလုံး၏ ငွေပေးချေမှုစနစ်သည် အီလက်ထရွန်နစ် ငွေပေးချေစနစ်ကို ကျင့်သုံးလျက်ရှိသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment