Tuesday, July 26, 2016

မိုးကုတ်ရှိ ကျောက်မျက်တွင်းများကို သက်တမ်းတိုးပေးရန် ဝန်ကြီးဌာနသို့ စာတင်မည်


မိုးကုတ်မြို့ရှိ သက်တမ်းကုန်သော ပတ္တမြားလုပ်ကွက်များကို သက်တမ်း တိုးပေးရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံသို့ စာတင်သွားမည်ဖြစ်ကြောင်း ကျောက်မျက် လုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင် သတ္တုတွင်းရုံးက တစ်နိုင်ငံလုံးရှိ ကျောက်မျက်လုပ်ကွက်များကို သက်တမ်းကုန်ဆုံးပါက ရပ်နားခိုင်းခြင်းကြောင့် မိုးကုတ်ရှိ ပတ္တမြားလုပ်ကွက်များမှာ ရပ်နားထားရကြောင်း၊ ကျောက်စိမ်းတူးဖော်သည့် လုံးခင်း၊ ဖားကန့်တွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ရပ်ဆိုင်းခံရသည်မှာ အကြောင်းအကျိုး ဆီလျော်သော်လည်း မိုးကုတ်တွင် ပတ္တမြား တူးဖော်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းသဖြင့် ဒေသနှင့် ကျောက်မျက် ထွက်သည့်အပေါ်မှာ မူတည်၍ အချို့သော ကျောက်မျက်လုပ်ကွက်များကို သက်တမ်း တိုးပေးသင့်ကြောင်း မိုးကုတ် ကျောက်မျက် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းဦးက ပြောကြားသည်။

“အခုလို ရပ်နားထားတဲ့အတွက် ဒေသခံတွေမှာ အလုပ်အကိုင် ရှားပါးတာတွေ ဖြစ်လာတယ်။ ပြီးတော့ ရပ်နားထားတဲ့ တွင်းတွေမှာ လုံခြုံရေး မကောင်းရင် ခိုးတူးတာတွေ ဖြစ်လာနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။

မိုးကုတ်တွင် ရာသီဥတုကြောင့် ကျောက်မျက်လုပ်ကွက်များ ရပ်နားထားရပြီး သက်တမ်းကုန်သည့် လုပ်ကွက်များပါ လုပ်ကိုင်ခွင့် မရသောကြောင့် ကျောက်မျက် ထုတ်လုပ်မှုနှုန်းမှာ လျော့ကျသွားကြောင်း၊ ဒေသခံအများစုမှာ မိုးကုတ်ဒေသထွက် အောက်ကျောက်များကိုသာ အဓိကထား အရောင်းအဝယ်လုပ်သည့်အတွက် ကျောက်ရှားပါးခြင်းကြောင့်လည်း အလုပ်အကိုင် အခက်အခဲများ ရှိကြောင်း မိုးကုတ်ဒေသခံ ကျောက်မျက် ရောင်းဝယ်သူ ဦးကျော်စိုးက ပြောကြားသည်။

သက်တမ်းကုန်မည့် ကျောက်မျက် လုပ်ကွက်များတွင် လုံးခင်း၊ ဖားကန့် ကျောက်စိမ်း လုပ်ကွက်များမှအပ ကျန်ရတနာမြေ လုပ်ကွက်များကို သက်တမ်း တိုးပေးရန် ရှိကြောင်း ဝန်ကြီးဌာနအနေနှင့် သက်တမ်း မတိုးမီ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေများကို စစ်ဆေးနေသေးကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သက်တမ်း ကုန်ဆုံးသွားသည့် ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များကို သက်တမ်း တိုးမပေးမီ EMP(Enviromental Management Plan) ရေးဆွဲရန် တင်ဒါ ဦးစွာ ခေါ်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန(သတ္တု) ထံမှ သိရသည်။
Credit To >>> The Vioce Weekly

0 comments:

Post a Comment