Tuesday, July 26, 2016

SME များကို ဒေါ်လာသန်း ၈ဝ ချေးပေးရန် မြန်မာ-ဒိန်းမတ် သဘောတူထား

အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များကို အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေ ထုတ်ချေးနိုင်ရန်အတွက် ဒိန်းမတ်နိုင်ငံထံမှ အမေရိကန် ဒေါ်လာသန်း ၈ဝ ချေးငွေ ရရှိရန် မြန်မာအစိုးရနှင့် ဒိန်းမတ်အစိုးရတို့အကြား သဘောတူ လက်မှတ် ရေးထိုးထားကြောင်း စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

“၂ဝ၁၆ နှစ်ကုန်ပိုင်းမှာ ဒီသန်း ၈ဝ ချေးငွေအတွက် ကော်မတီဖွဲ့မယ်။ တကယ်ရင်းနှီးမယ့်လူတွေကို ပံ့ပိုးမှာ။ အတိုးနှုန်းတွေနဲ့ တစ်ဦးချင်းကို ချေးပေးမယ့် ပမာဏတွေကိုတော့ သတ်မှတ်ရ ဦးမယ်။ နှစ်နိုင်ငံ G to G တော့ လက်မှတ်ထိုးထားတယ်”ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။
ယင်းချေးငွေကို မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ရှိ အမှန်တကယ် စိုက်ပျိုး လုပ်ကိုင်သူများနှင့် အလားအလာ ကောင်းမွန်သည့် သူများကိုသာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
SME လုပ်ငန်းများအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေရရှိရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်လည်း သြဂုတ်လတွင် ဆွေးနွေးရန်ရှိပြီး လက်ရှိတွင် SME လုပ်ငန်းရှင်များကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် အပေါင်ပစ္စည်းမဲ့ ချေးငွေအဖြစ် ကျပ်သိန်း နှစ်ရာအထိ ထုတ်ချေးပေးလျက် ရှိကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment