Friday, July 22, 2016

မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီး၌ ငါးပုစွန်လေလံ ၀ယ်ယူ/ရောင်းချခြင်းကို စက်တင်ဘာတွင် စတင်ဆောင်ရွက်မည်


ငါးဈေးကွက်ကြီး မြန်မာနိုင်ငံတွင် ပြန်လည်တည်ရှိနေရန် မြိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီး၌ ငါးပုစွန်လေလံ ၀ယ်ယူ/ရောင်းချခြင်းကို လာမည့်စက်တင်ဘာလတွင် စတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း တစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိရန်နှင့် ငါးဈေးကွက်ကြီး ပြန်လည်ဖြစ်ထွန်းလာရန် အဓိအချက်ဖြစ်သည့် အဆိုပါစီမံကိန်းအား ယခုနှစ်ငါးသားပေါက် ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများပြီးနောက် စက်တင်ဘာလတွင် လုပ်ငန်းလည်ပတ်ရန် အတွက် စီစဉ်နေပြီဖြစ်ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးလေလံဈေးကြီး၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ရေလုပ်ငန်း အဓိကလုပ်ကိုင်ပြီး ငါးပုစွန်များ ဖမ်းဆီးရရှိမှု များပြားသော်လည်း ငါးဈေးကွက်မှာ မြန်မာနိုင်ငံတွင် မရှိဘဲ ထိုင်းနိုင်ငံသို့ ရောက်ရှိနေခဲ့ကြောင်း သိရသည်။ ငါးဈေးကွက်ကြီး မြန်မာနိုင်ငံတွင် လည်ပတ်နေနိုင်ရန်၊ ရွှေ့ပြောင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်နှင့် ဒေသခံများအဖြစ် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း ဒေသကြီးမှ ရေလုပ်ငန်းရှင်များက ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
“ကျွန်မတို့ ငါးလေလံဈေးကြီးတည် ဆောက်ထားတာ လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဖွင့်ထားပေမယ့် လုပ်ငန်းလည်ပတ်မှု ရပ်နားနေရသလို ဖြစ်နေခဲ့တယ်။ အခုကျွန်မတို့ ငါးဖမ်းရာသီပြီးတဲ့နောက် စက်တင်ဘာလ အကုန်လောက်မှာ ငါးဝယ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါပြီ နောက်ထပ်ငါးလေလံဈေးမှာ ဆိပ်ခံတံတားတွေ ထပ်လုပ်မယ်။ ကွန်တိန်နာ တံတားတွေလည်း ဆောက်လုပ်သွားဖို့ စီစဉ်နေပြီဖြစ်သလို ပြန်လည်စတင် ဆောင်ရွက်နေပါပြီ” ဟု မြန်မာအပြည်ပြည်ဆိုင်ရာ အဆင့်မီ ငါးဈေးကြီး၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။
လွန်ခဲ့သော ၁၆ နှစ်မှ စတင်လည်ပတ်ခဲ့သော အဆိုပါ ငါးဈေးကြီးမှာ အရှေ့တောင် အာရှတွင် တစ်ခုတည်းသော အကြီးဆုံး ငါးဈေးကြီး ဖြစ်ခဲ့သော်လည်း အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှု အားနည်းခြင်း၊ မြန်မာ-ထိုင်းနိုင်ငံရေး အခြေအနေများနှင့် တာဝန်ရှိသူ တချို့ရဲ့ မျက်ကွယ်ပြုခြင်းများကြောင့် လုပ်ငန်းရပ်တန့် နေခဲ့သလို ဖြစ်နေခဲ့ရကြောင်း သိရသည်။
“အဓိက စိန်ခေါ်မှုက သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းရဲ့ ဥပဒေပိုင်းမှာ Law Informant လုပ်ဖို့လိုပါမယ်။ ဒီလိုမရှိရင် ကျွန်မတို့အနေနဲ့ ၀ယ်သူဘယ်လောက်ပဲ ခေါ်လာပါစေ အစိုးရပိုင်းက Law Informant မလုပ်နိုင်ရင် ပင်လယ်ထဲက ငါးဖမ်းလှေတွေဟာ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ကို သွားရောင်းနေဦးမှာ ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းက ကြုံတွေ့လာခဲ့ရတဲ့ အခက်အခဲမျိုးကို ဆက်လက်ကြုံတွေ့ နေရဦးမှာပါ” ဟု ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။
ထိုင်းနိုင်ငံ၏ ငါးစီးညွန်ချုပ်ကလည်း မြန်မာအစိုးရ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် တရားမ၀င် ငါးဖမ်းဆီး ရောင်းချခြင်းများမှာ ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသလို ထိုင်းနိုင်ငံ အနေဖြင့်လည်း အီးယူ၏ အရေးယူမှုခံ နေရကြောင်း သုံးသပ်ပြောကြားထားသည်။ ထိုင်းနိုင်ငံ၊ ရနောင်းမြို့အနေဖြင့် မြိတ်ကျွန်းစု အတွင်းမှ ထွက်ရှိသော ငါးပုစွန်များကို ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း၊ အလုပ်သမား ၉၅ ရာ ခိုင်နှုန်းကိုမှီခိုကာ စီးပွားရေး ခိုင်မာလာခဲ့ပြီး ထိုင်းနိုင်ငံ၏ အဓိက ငါးဈေးကွက်ကြီးဖြစ်သော မဟာချိုင်သို့ ရာခိုင်နှုန်း ၃၀ ထောက်ပံ့ ထားနိုင်ကြောင်း သိရသည်။
“ငါးလာရောင်းပေးတာက ကျွန်တော်တို့ ဆောင်ရွက်ပေးလို့ ရပါတယ်။ ဒီအပိုင်းကို စိတ်မပူပါနဲ့ အဓိကအချက်က ငါးဖမ်းလှေကြီးတွေက လာရောင်းသမျှ ငါးတွေကို တာဝန်ယူ တာဝန်ခံစနစ်နဲ့ လာဝယ်ယူ ပေးနိုင်ဖို့ လိုပါမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ထည့်ဖို့ လိုပါမယ်။ ဒါမှကျွန်တော်တို့ ထိုင်းနိုင်ငံက ရနောင်းမြို့ကို ယှဉ်ပြိုင်လို့ရမှာပါ မဟုတ်ရင်တော့ ဒီအတိုင်းပဲ ဆက်သွားနေရလိမ့်မယ် လျှပ်စစ်ပိုင်းနှင့် လမ်းပန်းဆက်သွယ်ရေး အပိုင်းတွေ အမြန်ဆုံး ဖွံ့ဖြိုးအောင် လုပ်ထားဖို့လိုပြီ၊ ငါးပုစွန်တွေကို သတ်မှတ်တဲ့ အချိန်မှာ လေလံပစ်နိုင်ဖို့၊ ရေရှည်ထိန်းသိမ်း ထားနိုင်ဖို့ Cold Store ကြီးတွေ အဆင်သင့် လုပ်ထားရမယ်။ ငါးပုစွန်ရောင်းတာကို ကျွန်တော်တို့ တာဝန်ယူပေးမယ်။ လာသမျှ ငါးပုစွန်တွေကို တာဝန်ခံဝယ်ယူနိုင်ဖို့ ငါးဈေးကြီးက ဆောင်ရွက်ပေးဖို့လိုမယ်။ ကျွန်တော်တို့ ကိုယ့်နိုင်ငံမှာပဲ အေးအေးဆေးဆေး ရောင်းချချင်ပါတယ်” လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေရသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ သန်းနှင့်ချီပြီးရှိကာ အများစုမှာ ရေလုပ်ငန်းနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေရကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးတွင် ငါးပုစွန်စတင် လေလံဝယ်ယူရောင်းချပါက အရှေ့တောင်အာရှ နိုင်ငံများအပြင် အာရှနှင့် အီးယူနိုင်ငံများကပါ လာရောက် ၀ယ်ယူခြင်းများ ပြုလုပ်နိုင်ရန် ကမ်းလှမ်းထားမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှ နိုင်ငံအများစုမှ ကုန်ကြမ်းဝယ်ယူရန် စိတ်ဝင်စားနေပြီး အီးယူနိုင်ငံများကမူ မြိတ်မြို့တွင် စက်ရုံများ တည်ဆောက်ကာ ဥရောပသို့ ကုန်ချောပြန်လည် တင်ပို့ရန် ဆွေးနွေးနေပြီဖြစ်ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ငါးဈေးကြီး အနေဖြင့် ငါးပုစွန် ရောင်းချသူများ အဆင်ပြေစေရန် အတွက် ဒေါ်လာသန်း ၂၀ ထပ်မံ ရင်းနှီးမြှုပ်နှံမည် ဖြစ်သလို နိုင်ငံတကာ ၀ယ်လက်များအတွက် လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်စေရန် နိုင်ငံတကာ ဘဏ်များကိုလည်း ကိုယ်စားလှယ်ဘဏ်များ ထားရှိပေးရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း ဒေါ်ဌေးဌေးဝင်းက ဆက်လက် ပြောကြားခဲ့သည်။
 Credit To >>> Eleven Media Group

0 comments:

Post a Comment