Monday, July 25, 2016

ရန်ကုန် မြို့ပြဘတ်စ်ကားလိုင်းများ အများပိုင်ကုမ္ပဏီများဖွဲ့ရန် ပြင်ဆင်

ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်အတွက် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ကို ဇူလိုင် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နာယကအဖြစ်ပါဝင်ကာ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်သက်ဆိုင် ရာပညာရှင်အသီးသီး ပါဝင်ဖွဲ့စည်းခဲ့သည်။
အဆိုပါအဖွဲ့၏ ကနဦး လုပ်ဆောင်ချက်အနေဖြင့် မြို့တွင်းဘတ်စ်ကားပြေးဆွဲမှုကို စနစ်တကျ အကောင်အထည်ဖော်ရန်ဖြစ်ပြီး လိုင်းအရေ အတွက် များပြားနေသော်လည်း ပြေးဆွဲခြင်းမရှိ သည့် ယာဉ်လိုင်းများအား လျှော့ချသွားရန်ဖြစ် သည်။
ဆက်လက်၍ မြို့တွင်းပြေးဆွဲနေသော မထသအပါအဝင် ယာဉ်လိုင်းများအား လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်BRT Lite ယာဉ်လိုင်းကဲ့သို့ အများပိုင်ကုမ္ပဏီများ တည်ထောင်ကာ ကုမ္ပဏီအလိုက် သက်ဆိုင်ရာ လမ်းများ၊ လမ်းကြောင်းများကို တာဝန်ယူပြေးဆွဲ စေသည့်စနစ်ကို အကောင်အထည်ဖော်ရန်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။
''BRT Lite လိုပဲ အများပိုင်ကုမ္ပဏီတွေ ခုနစ်ခု၊ ရှစ်ခုလောက်တော့ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ အဓိကအားဖြင့် ဥပဓိရုပ် ကောင်းပြီး အဲကွန်းကောင်းတဲ့ ကားမျိုးတွေဖြစ်ဖို့ လိုပါတယ်။ ဒီလိုအနေအထားမျိုးမှာ ယာဉ်ပိုင်ရှင် တွေအနေနဲ့ ကားဟောင်း၊ ကားသစ်လဲဖို့ အခက် အခဲတွေ ရှိနိုင်ပါတယ်။ အရင်က ခရီးသည်တင်ယာဉ် တွေကို လိုအပ်ချက်အရ ရန်ကုန်ပြင်ပကို ထုတ်ရောင်းခွင့်မပြုခဲ့ပါဘူး။ အခုဒီကားတွေကို နယ်တွေကို ရောင်းချခွင့်ပေးမယ်။ ကားသစ်ဝယ်ဖို့ အတွက် ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အရစ်ကျစနစ်နဲ့ ဝယ်နိုင်အောင် ဆွေးနွေးပေးမယ်။ ဒီလိုအများပိုင် ကုမ္ပဏီတွေဖြစ်လာပြီဆိုရင် ဥပမာ အဓိကလမ်းမ ကြီးတစ်လမ်းကို ကုမ္ပဏီတစ်ခုကို တာဝန်ယူ ဆောင်ရွက်စေပြီး အဲဒီလမ်းကြောင်းတစ်လျှောက် အဆင်ပြေအောင် သယ်ယူပို့ဆောင်ပေးရပါမယ်။ အများပိုင်တွေအနေနဲ့ ဆောင်ရွက်မယ်ဆိုရင် အမြတ်ရရှိရေးထက် ဝန်ဆောင်မှုဖြစ်တဲ့အတွက် ရှုံးနိုင်တဲ့အနေအထားတွေအပေါ် အစိုးရက ဘယ်လိုထောက်ပံ့မလဲဆိုတာလည်း ရှိပါတယ်။ တိကျတဲ့ အချက်အလက် ဝန်ဆောင်မှုတွေဖြစ်ဖို့ အတွက် ကတ်စနစ်နဲ့ ငွေပေးချေတဲ့စနစ်တွေ၊ ဘယ်လောက်ရှုံးတယ်၊ မြတ်တယ်၊ ခရီးသည် ဘယ်လောက် စီးတယ်ကအစ ပွင့်လင်းမြင်သာမှုရှိရှိ မဖြစ်မနေလုပ်ရမှာပါ။ ဒါမှလည်း ဆောင်ရွက်နိုင် မှာပါ''ဟု ဒေါက်တာမောင်အောင်က ရှင်းပြသည်။
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ မြေလွတ်မြေရိုင်းများကို အသုံးပြုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး အများပိုင်ဘတ်စ်ကားလိုင်းကုမ္ပဏီများ ထူထောင်ဆောင်ရွက် မည့်ကုမ္ပဏီများ အရှုံးပေါ်နိုင်သော အခြေအနေများ အပေါ် အစိုးရအနေဖြင့် အခြားသော စီးပွားရေး လုပ်ပိုင်ခွင့်များ၊ စက်သုံးဆီရောင်းချဖြန့်ဖြူးခွင့် လိုင်စင်ကဲ့သို့ လုပ်ငန်းလုပ်ပိုင်ခွင့်များ ချထားပေး ခြင်းဖြင့် ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဟု ဇူလိုင် ၂၂ ရက်က မထသ (ရန်ကုန်) ရုံးချုပ်တွင် ပြုလုပ်ခဲ့ သော ယာဉ်လုပ်သားများ လုပ်အားယှဉ်ပြိုင်ဆု၊ ပညာသင်ဆု ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားသည်။
''ယာဉ်ပိုင်ရှင်တွေကလည်း ကားဟောင်း၊ ကားသစ်လဲချင်ပါတယ်။ သင့်တော်တဲ့ဈေးနဲ့ ဝယ်ချင်ပါတယ်။ အခွန်လျှော့ပေးတာ၊ သင့်တော်တဲ့ ဈေးနဲ့ ဝယ်နိုင်အောင် လုပ်ပေးတာမျိုးတွေဆိုရင် ထိရောက်နိုင်ပါတယ်''ဟု မထသ ၄၈ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးက ယင်းအခမ်းအနားအပြီးတွင် ပြောကြားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment