Friday, July 22, 2016

အထပ်မြင့်အိမ်ရာစီမံကိန်းများရပ်ဆိုင်းထားရမှု ဆောက်လုပ်ရေးလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး


ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အိမ်ရာစီမံကိန်းများ ရပ်ဆိုင်းထားရ မှုနှင့်ပတ်သက်၍ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံ ဆွေးနွေး၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Novotel Hotel ၌ ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် မေ ၁၄ ရက်မှစတင်၍ ရန်ကုန်မြို့တော်၏ အထပ်မြင့် အိမ်ရာစီမံကိန်းများရပ်ဆိုင်းခဲ့ရသောကြောင့် ယခုအခါ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပြီး လုပ်ငန်းများပြန်စရန် သေချာသောအဖြေများ မရှိတော့ဘဲ ၎င်းတို့၏ဆောက်လုပ်ရေးလုပ်ငန်းများမှ အင်ဂျင်နီယာများ၊ ဝန်ထမ်းများ နှင့် အလုပ်သမားများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများ စိုးရိမ်စရာရှိနေသောကြောင့် ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

ယခင်အစိုးရ၏မူဝါဒလက်ထက်က မြေ၊ ခြံမူဝါဒများအရ ရွှေတိဂုံဘုရား၏တစ်မိုင်ပတ်လည်နှင့် ရှေးဟောင်းယဉ်ကျေးမှုသမိုင်းအမွေအနှစ်များ လွတ်ကင်းသည့် နေရာနှင့်လွတ်ကင်းပြီဆိုလျှင် အထပ်မြင့်ဆောက်လုပ်၍ရကြောင်း၊ အထပ်မြင့် အဆောက်အအုံဆောက်လုပ်မည့်ရှေ့မျက်နှာစာရှိ လမ်းမအကျယ်ကို ပေ ၂ဝ နှင့် လမ်းအကျဉ်းဆိုလျှင် ၁၂ ပေ နောက်ဆုတ်ပြီး ဆောက်လုပ်၍ရကြောင်း၊ ထို့နောက် ရွှေတိဂုံဘုရား၏ Level 417 ကို မကျော်အောင်သာ ဆောက်လုပ်ရကြောင်းဖြင့် အဆိုပါမူဝါဒများသာရှိကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကကျင့်သုံးခဲ့သော Road Building Ratio မူဝါဒမှာ လမ်းအကျယ်၏နှစ်ဆဆောက်လုပ်၍ရကြောင်း၊ ထိုစဉ်အခါက မကျင့်သုံးခဲ့သောမူဝါဒများကို ယခုအချိန်တွင်ကျင့်သုံးနေသောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အခက်အခဲဖြစ်နေရကြောင်း၊ အထပ်မြင့်အဆောက်အအုံဆောက်လုပ်စဉ် အထပ်များလျှော့ချခံရသည့် အတွက် ကြိုပွိုင့်ဝယ်ယူထားကြသူများနှင့် စာချုပ်စာတမ်းများဆောင်ရွက်ထား ရခြင်းကြောင့် တရားစွဲမှုများဖြစ်ပေါ်လာနိုင်သည့်အတွက် လုပ်ငန်းရှင်များ အခက်အခဲဖြစ်စေပြီး ဆုံးရှုံးမှုများဖြစ်စေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောကြားသည်။

အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးသန်းနိုင်က ''အဓိက ကတော့ ကျွန်တော်တို့ဆောက်လုပ်မယ့် အထပ်မြင့်အဆောက်အအုံတွေကို စည်းကမ်းမဲ့ မဆောက်လုပ်ပါဘူးဆိုတာ ပြည်သူတွေသိစေဖို့အတွက် ပြောကြားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နစ်နာဆုံးရှုံးမှုတွေအတွက်လည်း သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြတောင်းဆိုသွားဖို့ရှိပါတယ်''ဟု ပြောသည်။

''အဓိကတော့ အကုန်လုံးစည်းလုံးညီညွတ်ကြဖို့ လိုပါလိမ့်မယ်။ ကျွန်တော် တို့က အစိုးရနဲ့အတူပူးပေါင်းပြီး ရန်ကုန်မြို့တော်ကို တည်ဆောက်ချင်တာပါ။ ဒီအထပ်မြင့်ဆောက်လုပ်တယ်ဆိုတာကလည်း မြို့တော်ကိုဖျက်ဆီးတာမဟုတ် ပါဘူး''ဟု ၎င်းကဆိုသည်။

အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ''အထပ်မြင့်အဆောက် အအုံ စတင်ဆောက်လုပ်ပြီဆိုရင် လုံလောက်တဲ့ယာဉ်ရပ်နားဖို့ကားပါကင်က ရှိနေတဲ့ လူနေအိမ်ခန်းစာတင်မကဘဲ လာရောက်လည်ပတ်ကြမယ့် ဧည့်သည် တွေအတွက်ပါ ၂ဝ ရာခိုင်နှုန်း ထည့်ပေါင်းပြီးဆောက်လုပ်ရတာပါ။ 

''အရင်မူဝါဒအတိုင်းပြန်စိစစ်ပေးစေချင်ပါတယ်။ အဲဒီမှာမှ ကိုက်ညီမှု မရှိဘူးဆိုရင်စိစစ်ပြီးအရေးယူပါ။ လက်ခံပါတယ်။ တကယ်တမ်းတော့ Save the Yangon ဆိုတာ Save the Business ပါ။ စီးပွားရေးလုပ်ငန်းတွေကို မကယ်တင်ဘဲ ရန်ကုန်မြို့ကို ကယ်တင်လို့ရမှာမဟုတ်ပါဘူး။ စီမံကိန်းတစ်ခုကို အမေရိကန်ဒေါ်လာ ၁ဝ သန်းနဲ့တွက်ချက်ပြီး ဆုံးရှုံးရမယ်ဆိုရင် ရပ်ဆိုင်းထားခံ ရတဲ့ စီမံကိန်း ၂ဝဝ ကျော်အတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ဆုံးရှုံးရပါလိမ့်မယ်။ အဲဒါဟာ နိုင်ငံတစ်ခုရဲ့စီးပွားရေးကို အများကြီးနစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပါတယ်''ဟု ဆိုသည်။ 

လက်ရှိအနေအထားအရ အထပ်မြင့်အဆောက်အအုံစီမံကိန်းများ ရပ်ဆိုင်းခံထားရသော လုပ်ငန်းရှင်ဦးရေမှာ များပြားကြောင်းနှင့် ၎င်းတို့၏ အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် အလုပ်သမားများမှာ ဆောက်လုပ်ရေးမှလွဲပြီး အခြားအလုပ်များကို မလုပ်ကိုင်တတ်သည့်အတွက် ၎င်းတို့၏အလုပ်အကိုင် အခွင့်အလမ်းများအတွက် စိုးရိမ်စရာရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် များထံမှ သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment