Thursday, July 21, 2016

ရန်ကုန်တွင် လုပ်ငန်း မလုပ်တော့သည့် စက်ရုံများ စာရင်းကောက်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတော့သည့် စက်ရုံများ စာရင်းကို အတိအကျ သိရှိနိုင်ရန် စာရင်း လိုက်လံ ကောက်ခံနေကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း (MIA) ထံမှ သိရသည်။

“လုပ်ငန်း မလုပ်တဲ့ စက်ရုံတွေ ဘယ်လောက်ရှိလဲ ဆိုတာတော့ စာရင်း ကောက်နေတုန်းပဲ။ အတိအကျ သိနိုင်အောင်လို့ပေါ့။ ပြီးတော့ စက်မှုဇုန်တွေရဲ့လိုအပ်ချက်တွေကို တိုင်းအစိုးရနဲ့လည်း ပူးပေါင်း လုပ်ဆောင်စရာတွေ ရှိပါတယ်။ လမ်းကိစ္စတွေ၊ လူမှုဝန်ထမ်း ကိစ္စတွေကိုလည်း တိုင်းအစိုးရကို တင်ပြ ပေးနိုင်ဖို့တွေ လုပ်နေပါတယ်”ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောဆိုသည်။

အဆိုပါ စာရင်းကို MIA လက်အောက်ရှိ အသစ်ဖွဲ့စည်းထားသည့် စက်မှုဇုန် ကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး ကော်မတီက စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများနှင့် ပူးပေါင်း၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

လက်ရှိ စာရင်း အဟောင်းများအရ စက်မှုဝန်ကြီးဌာနထံတွင် တရားဝင် မှတ်ပုံတင်ထားသည့် စက်ရုံ ၄၄၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်ပေါင်း ၂၉ ခုတွင် ဇုန် ၂၀ ဝန်းကျင်ကသာ လုပ်ငန်းလည်ပတ် လုပ်ကိုင်လျက်ရှိကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများထံမှ သိရသည်။

လတ်တလော စက်မှုဇုန်များတွင် လစ်လပ်နေသည့် မြေယာနှင့် ဂိုဒေါင်များ စာရင်း၊ လျှပ်စစ်မီး သုံးစွဲမှုနှင့် ရေဆိုးရေညစ် စွန့်ထုတ်မှုတို့ကိုလည်း စာရင်းများ လိုက်လံ ကောက်ခံနေကြောင်း အဆိုပါ ကော်မတီများထံမှ သိရသည်။



Credit To >>> The Voice Weekly

0 comments:

Post a Comment